မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေ ရောထွေးနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီး

မျှော်လင့်ချက်တွေ၊ စိုးရိမ်မှုတွေ ရောထွေးနေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီး
ဓာတ်ပုံ-သိင်္ဂီထွန်း

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ အက်ဒမန်ပင်လယ်ကြီးရဲ့ နဘေးမှာဓနိမိုး ရှုမျှော်တဲလေးတစ်လုံး။ အဲ့ဒီ့တဲလေးရဲ့ မလှမ်းမကမ်းမှာတော့ အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ အမှတ်အသားမှတ်တိုင်တစ်ခု။ အင်္ဂတေမှာ KM 0+000 လို့ အင်္ဂလိပ်လိုရေးထားတယ်။ ဆိုလိုတာတော့ သုညကီလိုမီတာ ..မှတ်တိုင်တစ်ခုရဲ့အစတာထွက်နေရာ။

ဒီနေရာကလက်ရှိမှာတော့ လမ်းမကျယ်ကြီးတစ်ခုနဲ့ ကွင်းပြင်တွေသာရှိပေမယ့် ဒီနေရာဟာ မြန်မာ၊ ထိုင်းအပါအဝင် အိမ်နီးချင်းနိုင်ငံတစ်ချို့ရဲ့ စီးပွားရေးအရ အချက်အချာကျလာမယ့်နေရာ။ ထားဝယ်ဒေသခံတွေရဲ့ အိမ်မက်တစ်ခုဆိုလည်းမှားမှာမဟုတ်တဲ့ ကီလိုမီတာသောင်းချီကျယ်ဝန်းတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးရေနက်ဆိပ်ကမ်းဖြစ်တဲ့ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်မယ့် နေရာဖြစ်တယ်။

ဒီနေရာကလက်တလောမှာတော့ ရေနက်ဆိပ်ကမ်းလို့ဆိုပေမယ့် ပင်လယ်ကမ်းစပ်တစ်ခုမျှသာရှိသေးပြီးခရီးသွားဧည့်သည် တစ်ချို့တစ်လေလာလေ့လာကြ၊ အမှတ်တရဓာတ်ပုံရိုက်ကြတာကို   တွေ့ရပေမယ့်   နောက်ငါးနှစ်မှာဒီနေရာဘယ်လောက်ထိပြောင်းလဲသွားမလဲဆိုတာမခန့်မှန်းနိုင်သေးသလိုဒေသခံတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကတော့ မျှော်လင့်ချက်ကြီးကြီးတွေ ထားရှိထားတဲ့ နေရာလည်း ဖြစ်ပါတယ်။

ဒီရေနက်ဆိပ်ကမ်းအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးကိုတည်ဆောက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့က ၂၀၀၈ခုနှစ်ကတည်းက ကြိုးပမ်းခဲ့တာကြတာလည်း ဖြစ်ပါတယ်။

အဲ့ဒီ့အချိန်တည်းကဒေသခံတွေကဒီစီမံကိန်းကိုအကြောင်းပြုပြီးကောင်းကျိုး၊ ဆိုးကျိုးတွေကိုစတင်ထိတွေ့ခံစားခဲ့ရတာဖြစ်တယ်။ စီမံကိန်းအတွက် မြေနေရာလိုအပ်ချက်ကြောင့် ရွာလုံးကျွတ်   ပြောင်းရွှေ့ပေးရမယ်ဆိုတဲ့သတင်းတွေ၊ စီမံကိန်းအကောင်အထည်ဖော်ဖို့ ဒေသခံတွေရဲ့ အသက်မွေးဝမ်းကြောင်းဖြစ်တဲ့ဥယာဉ်ခြံမြေတွေ၊ လယ်ယာမြေတွေကိုလည်းသိမ်းဆည်းခဲ့ရတာတွေ ရှိပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဟာအကျယ်အဝန်းအားဖြင့် ၄၈,၄၃၂ ဒသမ ၄၅၁၂ ဧကကျယ်ဝန်းမှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကြောင့် မူဒူး၊ ထိန်ကြီး၊ ပရဒတ်၊ လဲရှောင်၊ ခမောင်းချောင်းနဲ့ ဝက်ချောင်းဆိုတဲ့ ကျေးရွာပေါင်း ၆ရွာ ပြောင်းရွှေ့ပေးရဖို့ လျာထားခံထားရတာလည်း ဖြစ်ပါတယ်။

လယ်ယာမြေနစ်နာကြေး

အဲ့ဒီ့အတွက် နစ်နာကြေးအနေနဲ့ ၇၃၄၉ ဒသမ ၄၈ ဧကအတွက် လျော်ကြေးငွေ စုစုပေါင်းကျပ်သန်း ၂၉,၀၃၈ကျော် နစ်နာကြေးပေးပြီး ဖြစ်တယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူးဦးခင်မောင်ချိုကမဇ္ဈိမကိုပြောပါတယ်။

ထားဝယ်မြို့မှာအဓိကအားဖြင့် သီဟိုဋ်ခြံ၊ ရာဘာခြံတွေကိုအဓိကစိုက်ပျိုးကြတာဖြစ်ပါတယ်။ သီဟိုဋ်ခြံ၊ ရာဘာခြံတွေအတွက် နေရာနဲ့ အပင်အရွယ်အစားပေါ်မူတည်ပြီးပေးလျော်တာ   ဖြစ်တယ်လို့လည်းသိရပါတယ်။ သီးနှံပင်တွေအတွက် ပင်ကြီး၊ ပင်လတ်၊ ပင်ငယ် သုံးမျိုးသုံးစားခွဲပြီးပင်ကြီးအတွက် တစ်သိန်း၊ ပင်လတ်အတွက် ၇သောင်း၊ ပင်ငယ်အတွက် ၃သောင်းဆို အသီးသီးသတ်မှတ်ထားတယ်လို့ ထားဝယ်အထူးစီးပွားရေးဇုန်နဲ့ အနီးဆုံးရွာတစ်ရွာဖြစ်တဲ့ ပုဂေါဇွန်းရွာကလျော်ကြေးရရှိပြီးသားဖြစ်တဲ့ ကိုကျော်နိုင်ကရှင်းပြပါတယ်။

ဒါပေမယ့်လည်းလျော်ကြေးငွေ ရရှိမှုကတော့ ပုဂေါဇွန်းကျေးရွာထဲမှာပင် သတ်မှတ်နှုန်းထားမတူညီမှုတွေ၊ နီးစပ်ရာလက်သင့်ရာကိုလျော်ကြေးသတ်မှတ်ငွေ ပိုများတယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ပြဿနာတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။

“ဒီရွာမှာဆိုတစ်ချို့ကတော့ လျော်ကြေးယူပြီးပြီ။ တချို့ကတော့ မယူရသေးဘူး။ ဘာဖြစ်လို့လဲဆိုမမျှတလို့။ သူတို့ပေးတာနဲ့ ကွာဟမှုတွေများနေလို့ အဆမတန်လည်းမလိုဘူးလေ။ ကိုယ့်ခြံရဲ့ တန်ရာတန်ကြေးတော့ လိုတာပေါ့။ တန်ရာတန်ကြေးပေးတော့ ယူတယ်။ မတန်တဆပေးတော့ မယူဘူးလေ။ "လို့ လျော်ကြေးငွေအတွက် ကျေနပ်မှု မရှိလို့ မယူတဲ့ ပုဂေါဇွန်းရွာသားဦးကျော်အေးက မဇ္ဈိမကိုပြောပါတယ်။

အချို့ကျတော့လည်းလျော်ကြေးငွေယူပြီးစီမံကိန်းနဲ့လွတ်တဲ့ အခြားနေရာမှာသီဟိုဋ်ခြံတွေထပ်ဝယ်၊ စီးပွားရေးတိုးချဲ့ထားသလိုအချို့ကတော့ လျော်ကြေးငွေကို ဘာလုပ်လို့လုပ်ရမှန်းမသိဘဲ သုံးရင်းစားရင်နဲ့ လက်ထဲဘာမှ မကျန်တော့တာမျိုးလည်းရှိပါတယ်။

ထိန်ကြီးရွာကကိုမိုးကတော့ “မြေ ၉ဧက သိန်း ၁၇၀ ရရှိခဲ့တယ်။ သီဟိုဋ်ခြံတွေကိုရောင်းပြီးတော့ ရွာထဲပြောင်းလာခဲ့တယ်။ လျော်ကြေးကတော့ မရှိတော့ဘူးခင်ဗျ" လို့ ရယ်ရယ်မောမောပဲပြောပါတယ်။ "နောင်တတော့ ရမိတာပေါ့။ ကျွန်တော်တို့ ဘာမှမရှိတော့ ဘာမှ လုပ်မရတော့ဘူးပေါ့။ ကိုယ်ကျေနပ်လို့ ရောင်းလိုက်တော့ ဘာမှ လုပ်လို့မရတော့ဘူးပေါ့" လို့ ဆက်ပြောပါသေးတယ်။

မြို့သစ်စီမံကိန်း

သီးနှံပင်တွေအတွက်ကတော့ အပင်အမျိုးအစားအလိုက် လျော်ကြေးရပေမယ့် နေအိမ်ပြောင်းရွှေ့ရမယ့် သူတွေအတွက်တော့ အိမ်အသစ်တစ်လုံးကိုဘဝါလို့ခေါ်တဲ့ရွာမှာ ပြန်ဆောက်ပေးထားပါတယ်။ အဲ့ဒီ့နေရာကိုတော့ “ဘဝါမြို့သစ်” လို့ခေါ်ပါတယ်။

ဘဝမြို့သစ်မှာအိမ်ကြီး၊ အိမ်လတ်၊ အိမ်ငယ် သုံးမျိုးသုံးစားခွဲပြီးဆင်တူအိမ်လေးတွေ တည်ဆောက်ပေးထားတာကိုလည်းတွေ့ရပါတယ်။ ဒီအိမ်တွေကိုတော့ စီမံကိန်းအကောင်အထည် ဖော်ချိန်မှာပြောင်းရွေ့ပေးရမယ့် ရွာခြောက်ရွာကရွာသားတွေ နေထိုင်ရမှာပါ။

"ကျွန်တော်တို့ လက်ရှိလုပ်နေတဲ့ စီမံကိန်း initial phase လုပ်နေတဲ့အတောအတွင်းတော့ အိမ်တွေကိုရှောင်ရှားပြီးလုပ်တဲ့အတွက် တစ်အိမ်မှတော့ ရွှေ့ပြောင်းရခြင်းမရှိသေးပါဘူး" " ရွှေ့ပြောင်းမယ်ဆိုရင်လည်းကျေးရွာသားတွေကရွှေ့ပြောင်းပေးပါမယ်ဆိုပြီးလက်ခံထားပြီး ဖြစ်ပါတယ်"လို့ ဦးခင်မောင်ချိုကပြောပါတယ်။

စီမံကိန်းကို ကြိုဆိုသလား

ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ကနဦးလုပ်ငန်းစဉ်တွေကို ပြန်လည်လုပ်ကိုင်နိုင်ဖို့ပြီးခဲ့တဲ့သြဂုတ်လ (၅) ရက်နေ့ကထိုင်းနိုင်ငံရဲ့အီတာလျန်ထိုင်းကုမ္ပဏီနဲ့ မြန်မာနိုင်ငံအစိုးရတို့ကြား လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ သဘောတူညီချက်တွေအရဆိုရင် ကနဦးလုပ်ငန်းတွေကို အထူးဇုန်းတွေရဲ့မြေနေရာ အကျယ်ပမာဏ ၇စတုရန်ကီလိုမီတာမှာ အချိန်သုံးနှစ်အတွင်း ၆၅ရာခိုင်နှုန်းပြီးစီးအောင်လုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အီတာလျန်ထိုင်းကုမ္ပဏီအနေနဲ့ ကျန်ရှိနေတဲ့အခြေခံအဆောက်အဦးတွေဖြစ်တဲ့လမ်း၊ တံတား၊ရေ၊ မီးနဲ့လူနေအဆောက်ဦး တည်ဆောက်ခြင်းလုပ်ငန်းတွေကို လုပ်ကိုင်လျက်ရှိပါတယ်။ ဒေသခံတွေအနေနဲ့ဒီလိုမျိုး ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်လာဖို့အတွက် ဖြစ်ပေါ်လာနိုင်မယ့်အခြေနေပေါ်မှာ သံသယနဲ့စိုးရိပ်မူတွေလည်းရှိနေပါတယ်။ ဒီလိုစိုးရိမ်မှုတွေကြားကပဲဒေသခံအများစုက ဒီစီမံကိန်းကို ကြိုဆိုလက်ခံတာကိုလည်းတွေ့ရပါတယ်။

"ဒီအထူးစီးပွားရေးဇုန် အောင်မြင်တာကိုပဲ မြင်ချင်တာပေါ့။ ဘာကြောင့်လဲဆို ခြံယာတွေ မရှိတော့တဲ့သူတွေဆိုရင်လည်းဒီအထူးစီးပွားရေးဇုန်ကိုဝင်ပြီးမှေးလို့ရတာပေါ့နော်။"လို့ ထိန်ကြီးရွာသားကိုမိုးကပြောပါတယ်။

ပုဂေါဇွန်းရွာကလျော်ကြေးငွေအပေါ် မကျေနပ်လို့ မယူသေးဘူးဆိုတဲ့ ဦးကျော်အေးကလည်း “စီမံကိန်းကို နှောင့်နှေးအောင်တော့ ငါတော့မလုပ်ဘူးနော်။ ဒီနေရာမှာ စက်မှုဇုန်တွေလုပ်တာ ငါတို့အတွက် ကျေးဇူးလည်းတင်တယ်။ ဝမ်းလည်းသာတယ်။ ဂုဏ်လည်းယူတယ်။ ငါတို့ဆီကလူတွေကဒီမှာအလုပ်မရှိလို့ ယိုးဒယားတို့ဘာတို့ အလုပ်သွားလုပ်နေရတာလေ။ ငါတို့က ဒီစီမံကိန်းကြီးဖြစ်ပါစေဆုတောင်းတယ်။ ဒါပေမယ့် ထိုက်တန်သောလျော်ကြေးကိုနစ်နာကြေးကိုလိုချင်တယ်။ အဲ့ဒါကြောင့် ငါတို့ဒီတိုင်းပဲတင်းခံနေတယ်"လို့ သူ့ခံစားချက်ကိုပြောပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း

ထားဝယ်အထူးစီးပွားရေးဇုန် ဖြစ်ထွန်းမှုပေါ်မူတည်ပြီးဒေသခံတွေကသူတို့ရဲ့ ဒေသဖွံ့ဖြိုးရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေးစတာတွေအတွက် မျှော်လင့်ချက် ကြီးတာကိုတွေ့ရပါတယ်။   ဒေသခံတွေ မျှော်လင့်နေသလိုပဲဒီစီမံကိန်းကကနဦးအဆင့်မှာတင် အလုပ်သမား ၆၅,၀၀၀ အလုပ်ရရှိမှာဖြစ်ပါတယ်။

အခြေခံလုပ်သားတွေအတွက် ထားဝယ်အထူးစီးပွားရေးဇုန်ကမျှော်လင့်ချက်ရောင်ခြည်ဖြစ်သလိုဒေသခံစီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်းမျှော်လင့်ချက်ကြီးတစ်ခုဆိုလည်းမမှားပါဘူး။

ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်တဲ့ AK ကုမ္ပဏီရဲ့ မန်နေဂျာဦးစိုးသိန်းက“လောလောဆယ်ကျွန်တော်တို့ ထားဝယ်ကလုပ်ငန်းရှင်တွေက deep sea က အောင်မြင်သွားပြီဆိုအများကြီးအားရှိတယ်လေ။ deep sea သာအောင်မြင်သွားမယ်ဆိုထားဝယ်ကစီးပွားရေးလုပ်ငန်းတွေအများကြီးရမယ်လေ။ ရေနက်ဆိပ်ကမ်းကြီးအောင်မြင်သွားရင် ထားဝယ်မြို့တော် တော်တော်စည်ကားလာမှာပါ။” လို့ မဇ္ဈိမကိုပြောပါတယ်။

လက်ရှိထားဝယ်မြို့ပေါ်မှာ AK ကုမ္ပဏီကကန်ထရိုက်တိုက်အချို့ကိုအစပျိုးဆောက်လုပ်နေပြီးထားဝယ်အထူးစီးပွားရေးဇုန် ပြန်လည်စတင်မယ့် အခြေအနေကိုအရိပ်အခြေကြည့်ပြီး စီးပွားရေးတိုးချဲ့ဖို့လည်းရှိနေတယ်လို့ ဆိုပါတယ်။

သို့သော် ထားဝယ်ဒေသအခြေစိုက် အန်ဂျီအိုတစ်ခုဖြစ်တဲ့ ထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့- DDA ရဲ့ တာဝန်ရှိသူကိုသန့်ဇင်ကတော့ထားဝယ်အထူးစီးပွားရေးဇုန်ကဒေသမှာရှိတဲ့ အလုပ်သမားတွေအတွက် ရေရှည်မှာသိပ်အကျိုးရှိမှာမဟုတ်ဘူးလို့ သုံးသပ်ထားပါတယ်။

“ဘာကြောင့်စိုးရိမ်မှုဖြစ်လဲဆိုတော့ ဒီမှာလာလုပ်မယ့် စက်ရုံအမျိုးအစားတွေက ကျွန်တော်တို့ဒေသကလူတွေနဲ့ သိပ်ပြီးသဟဇာတမဖြစ်ဘူး။ အစားအစာဆီသွတ်ဗူးစက်ရုံဆိုပါတော့ အဲ့လိုမျိုးကဒီကနေထိုင်းမှာတရားမဝင်၊ တရားဝင် အလုပ်သွားလုပ်သူတွေ လုပ်ခဲ့ပြီးသားလုပ်တတ်ကိုင်တတ်ပြီးသားအလုပ်တွေ။ သူတို့ပြန်လာခဲ့ရင်လည်းဒီအလုပ်ရှိနေရင် သူတို့အတွက် ပူစရာမလိုဘူး။ ဒါပေမယ့် အထူးစီးပွားရေးဇုန်မှာကရေနံဓာတုလုပ်ငန်းမျိုးဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိမှာ” လို့ ကိုသန့်ဇင်ကပြောပါတယ်။

အလုပ်သမား ပြဿနာတွေ

အလုပ်အကိုင်အခွင့်အလမ်းအတွက် မျှော်လင့်ချက်တွေရှိနေသလိုပဲတစ်ဖက်မှာလည်းအလုပ်သမားပြဿနာတွေကလည်းလက်ရှိမှာ ကြုံတွေ့နေရပါပြီ။

အထူးစီးပွားရေးဇုန်စတင်ဖို့ ၂၀၁၂ခုနှစ်၊ ဇွန်လမှာအစိုးရချင်းလက်မှတ်ထိုးခဲ့ပြီးတစ်နှစ်အကြာမှာလုပ်ငန်းတွေ စတင်ခဲ့ပါတယ်။ ဒီလိုစတင်ပြီဆိုတာနဲ့ အခြေခံအလုပ်သမားတွေ အလုပ်စရပါတယ်။ သို့သော်လည်း ၂၀၁၃ခုနှစ်မှာစီမံကိန်းကိုအကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းချိန်မှာတော့ အလုပ်သမားအချို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။ တဖန် စီမံကိန်းပြန်စမယ်ဆိုပြန်တော့ အဲ့ဒီ့အလုပ်သမားတွေကို ပြန်ခန့်ပေမယ့် အလုပ်နားခဲ့စဉ်ကပေးခဲ့တဲ့ နစ်နာကြေးသုံးလစာထဲကတစ်ချို့တစ်ဝက်ကို ပြန်ပေးရတာမျိုးတွေ၊ လုပ်ခလစာနည်းတာတွေနဲ့လည်း ကြုံရတယ်လို့ အလုပ်သမားတွေကရင်ဖွင့်ပါတယ်။

“အခုပြန်လည်းဖွင့်လည်းဖွင့်ရောအလုပ်လုပ်ချင်တယ်ဆိုလျော်ကြေးကို ပြန်ပေးရမယ်လို့ပြောတယ်။ ကျွန်တော်တို့ကလည်းအလုပ်လုပ်ချင်တော့ လျော်ကြေးပြန်ပေးဆိုလည်း ပြန်ပေးမယ်ဆိုပြီးလုပ်ရတာပေါ့” လို့ ထားဝယ်အထူးစီးပွားရေးဇုန်ရဲ့ တစ်စိတ်တစ်ဒေသဖြစ်တဲ့ ကွန်ကရစ်ထုတ်လုပ်တဲ့ လုပ်ငန်းခွင့်မှာအလုပ်လုပ်နေတဲ့ ကိုကျော်လင်းကပြောပါတယ်။

မြိတ်မြို့ကနေအီတာလျံထိုင်းကုမ္ပဏီမှာ ရုံးကူဝန်ထမ်းအဖြစ် အလုပ်လာလုပ်တဲ့ မလဲ့လဲ့ဝင်းက“ဗမာအလုပ်သမားတွေကပိုက်ဆံအရနည်းတာပေါ့လေ။” လို့ ညည်းထွားပါတယ်။

ဒါ့အပြင် ကုမ္ပဏီနဲ့ အလုပ်သမားတွေကြားစာချုပ်ကလည်းလက်တွေ့နဲ့ ကွဲလွဲမှုတွေရှိတယ်လို့ အလုပ်သမားအချို့ကဆိုပါတယ်။

၇နှစ်ကြာအကောင်အထည်ဖော်မယ့် စီမံကိန်းကြီး

ထားဝယ်အထူးစီးပွားရေးဇုန်က နိုင်ငံတော်အဆင့် ၇နှစ်စီမံကိန်းကြီးပါ။ ဒီစီမံကိန်းကြီးကို ၂၀၁၅ခုနှစ်ကနေ ၂၀၂၂ခုနှစ်အတွင်းအပြီးအကောင်အထည်ဖော်မှာဖြစ်ပါတယ်။ ဒီစီမံကိန်းကြီးတစ်ခုလုံးမှာကနဦးအဆင့်နဲ့ ပင်မစီမံကိန်းဆိုပြီးအဆင့်နှစ်ဆင့်ခွဲထားပါတယ်။ ကနဦးအဆင့်ကိုတော့ ၂၀၁၈ခုနှစ်မှာအပြီးဆောင်ရွက်ရမှာဖြစ်ပါတယ်။ကနဦးအဆင့်အတွက် ကုန်ကျငွေကလည်းအမေရိကန်ဒေါ်လာသန်း ၃၅၀ ကုန်ကျမှာဖြစ်ပါတယ်။ မြန်မာငွေအားဖြင့် ဆိုရင်တော့ ကျပ်သန်းပေါင်းလေးသိန်းခွဲခန့်ရှိပါတယ်။

ကနဦးအဆင့်မှာတင် ပရောဂျက် ၉ခုရှိပါတယ်။

နံပါတ်စဉ် စီမံကိန်းအမျိုးအမည် ပြီးစီးမှု
ထားဝယ်အထူးစီးပွားရေးဇုန်မှ -ထိုင်းနိုင်ငံထိပေါက်သည့် ထီးကီးလမ်း မြေသားလမ်း ၁၀၀%ပြီးစီး
ဆိပ်ကမ်းငယ် ၁၀၀%ပြီးစီး
စက်မှုဇုန်တွေတည်ဆောက်မှု အခြေတည်ဆဲ
Gas Power Plant  
Small Power Plant  
စီမံကိန်းအတွက် ရေချိုရရှိရေးအတွက် ပယင်းဖြူဆည် ၁၀၀%ပြီးစီး
ဆက်သွယ်ရေးလမ်းကြောင်း ဖုန်း၊ အင်တာနက်ကောင်းမွန်
ဓာတ်အားပေးစက်ရုံ  
အလုပ်သမားတန်းလျား တည်ဆောက်ဆဲ

လျာထားချက်အတိုင်းဆိုရင်တော့ စီမံကိန်းတစ်ခုလုံးပြီးစီးသွားရင်တော့ စက်မှုဇုန်တွေ၊ ရေနက်ဆိပ်ကမ်းကြီး၊ ဆိပ်ကမ်းငယ်၊ ရေမီးအစုံအပါအဝင် ကျောင်း၊ ဈေး၊ ဆေးရုံစတဲ့ မြို့ပြတည်ဆောက်ရေး စနစ်မှာ အခြေခံအဆင့် မရှိမဖြစ်တွေ ပါဝင်မယ့် မြို့ငယ်လေးတစ်ခုအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းကြီးအကောင်အထည်ပေါ်လာမှာပါ။

ဒီစီမံကိန်းကြီးက မြန်မာနိုင်ငံကိုထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဗီယက်နမ်နိုင်ငံတို့နဲ့လည်းကုန်စည်ကူးလူးနိုင်ဖို့ိကိုအကောင်အထည်ဖော်ပေးမှာလည်း ဖြစ်ပါတယ်။

ဒီလိုအားရကျေနပ်ဖွယ်အရာတွေနဲ့အတူပတ်ဝန်းကျင်ဆိုင်အကျိုးသက်ရောက်မှုတွေ၊ လူမှုရေးဆိုင်ရာအကျိုးသက်ရောက်မှုတွေ ဘယ်လောက်ထိ ရိုက်ခတ်လာမယ်ဆိုတာကလည်းမေးခွန်း ထုတ်စရာဖြစ်နေပါတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီအတွင်းရေးမှူး ဦးခင်မောင်ချိုကတော့ “EIA/SIA ကျွန်တော်တို့လုပ်ပြီးသွားပါပြီ။ ပြည်သူလူထုကိုလည်းချပြပြီးသွားပါပြီ။ ထပ်ပြီးလည်းလိုအပ်လာရင် ထပ်လုပ်ဖို့ရှိပါတယ်ဗျ။”လို့ ဆိုပါတယ်။

ထားဝယ်ဒေသခံလည်းဖြစ်ပြီးထားဝယ်ဒေသဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့- DDA ရဲ့ တာဝန်ရှိသူကိုသန့်ဇင်ကတော့ “သာမန်ပြည်သူတွေအနေနဲ့ဆိုရင်တော့ ကိုယ့်ဒေသမှာအရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်လာမယ့် စီမံကိန်းရှိတယ်ပေါ့ဗျာ။ စက်ယန္တရားတွေ လူတွေနဲ့ အလုပ်လုပ်နေတယ်။ အထူးအဆန်းလေ့လာရမယ့် ပုံရိပ်တစ်ခုအဖြစ် လွန်ခဲ့တဲ့ သုံးနှစ်လောက်တည်းကနာမည်ကြီးခဲ့ပါတယ်။ အခုချိန်ထိလည်းဧည့်သည်တွေလာရင် လိုက်ပြရတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ သို့သော်လည်းပဲစီမံကိန်းပုံရိပ်ကျတော့ တစ်နှစ်လာလည်းအလံတိုင်တစ်ခုနဲ့ တဲလေးတစ်လုံးနဲ့။   နောက်တစ်နှစ်လာလည်းဒီပုံပဲ။ အခုချိန်ထိလည်းဒီအတိုင်းပဲဆိုတော့ သုံးလေးနှစ်အတွင်းလူထုစိတ်ဝင်စားမှုကလျော့ကျလာတယ်” လို့ စီမံကိန်းရဲ့ တိုးတက်မှု နှေးကွေးနေတဲ့ အခြေအနေကိုဝေဖန် လိုက်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly