စိတ်လည်းလန်း လူလည်းလန်း မေမြို့ပန်း စိုက်ကြမယ်

10 March 2016
စိတ်လည်းလန်း လူလည်းလန်း မေမြို့ပန်း စိုက်ကြမယ်

မေမြို့ပန်းကိုတော့ နေရာ အနှံအပြားမှာ စိုက်ပျိုးလို့ ရပါတယ်။ မိုးရာသီမှာဆိုရင်တော့ ကုန်းမြေများ ဆောင်းရာသီမှာဆိုရင်တော့ ခဲမြေများမှာ စိုက်ပျိုး နိုင်ပါတယ်။ ကုန်းမြေဆိုတာကတော့ မြေနီ မြေဝါနဲ့ သဲနှုန်းမြေတို့ကို ဆိုလိုတာပဲ ဖြစ်ပါတယ်။ ခဲမြေကတော့ အစိုဓာတ်များပြီး သစ်ဆွေးပုပ်မြေများပဲ ဖြစ်ပါတယ်။

မြေမြို့ပန်းရဲ့ မူရင်းဒေသကတော့ တရုတ်နိုင်ငံကပဲ ဖြစ်ပါတယ်။ သက်တမ်းပေါ်မှာ မူတည်ပြီးတော့ သက်ယဉ်မျိုး သက်လတ်မျိုး သက်ကြီးမျိုးဆိုပြီးတော့ အမျိုးမျိုး ရှိပါတယ်။ သက်ယဉ်မျိုးကတော့ နှစ်လခွဲနဲ့ ပန်းပွင့်ပြီး သက်လတ်မျိုးကတော့ သုံလခွဲမှာ ပွင့်တာပဲ ဖြစ်ပါတယ်။ သက်ကြီးမျိုးကတော့ လေးလကြာမှာ ပန်းပွင့်တာပဲ ဖြစ်ပါတယ်။ ပန်းပွင့်အရောင်တွေကတော့ ပန်းနုရောင် အပြာရောင် ကြက်သွေးအနီရောင် အညိုရောင် မရမ်းရောင်ဆိုပြီးတော့ အမျိုးမျိုးရှိကြပါတယ်။

မေမြို့ပန်းဟာ ပူလွန်းအေးလွန်းတဲ့ ရာသီဥတုကို မကြိုက်နှစ်သက်ပါဘူး။ မေမြို့ပန်းစိုက်တဲ့ မြေဟာ သဲဆန်လွန်းရင် ဒါမှ မဟုတ်ရင် မြေစေးများလွန်းရင်တော့ တစ်ဧက မှာ နွားချေးလှည်း အစီး (၅၀) ခန့် ချပြီး မြေကို ပြုပြင်ပြီးမှ စိုက်ပျိုးသင့်ပါတယ်။ ရေဝပ်တဲ့ မြေအမျိုးအစားတွေမှာ စိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ဘောင်များကို ပြုလုပ်ပြီး စိုက်ပျိုးသင့်ပါတယ်။

မေမြို့ပန်းကို စိုက်ဘောင်များနဲ့ စိုက်ပျိုးနိုင်သလို အစေ့ကို တိုက်ရိုက်ချပြီးလည်း စိုက်ပျိုးနိုင်ပါတယ်။ ပျိုးထောင်ပြီးစိုက်မယ်ဆိုရင်တော့ မြေသားကို မှုန့်ညက်အောင် ပြုလုပ်ပေးသင့်ပါတယ်။ ပြီးရင်တော့ နွားချေးမှုန့်နဲ့ သမအောင် ရောမွှေပြီး မျိုးစေ့ကို ချပေးရတာပဲ ဖြစ်ပါတယ်။ ပျိုးဘောင်ကိုတော့ အလျားပေ နှစ်ဆယ်နဲ့ အနံသုံးပေအရွယ် ပြုလုပ်ပေးရမှာပဲ ဖြစ်ပါတယ်။ မျိုးစေ့ အတန်းကိုတော့ တစ်တန်းနှင့်တစ်တန်းကို သုံးလက်မခန့် ခွာပြီး အတန်းလိုက် ပျိုးပေးရပါတယ်။ ပြီးရင်တော့ မြေမှုန့် ပါးပါးလေးဖြူးပြီး ရေလောင်းပေးရပါတယ်။

ပျိုးထားတဲ့ အချိန်မှာ ရေကို စိုရုံမျှ ရေပန်းခရားလေးနဲ့ လောင်းပေးရမှာပါ။ ပျိုးပေါင်ကို အရိပ်တစ်လှည့် နေတစ်လှည့် ပြုလုပ်ပေးရန်လည်း လိုအပ်ပါတယ်။ ပျိုးပြီးတစ်လ ဒါမှမဟုတ် တစ်လခွဲကြာရင်တော့ စိုက်ဘောင်များဆီကို ရွေ့ပြောင်းပြီး စိုက်ပျိုးနိုင်ပါတယ်။ စိုက်ပေါင်များကိုတော့ အလျားပေး သုံးဆယ်နဲ့ အနံငါးပေခန့် ထားရမှာ ဖြစ်ပါတယ်။ ရေလောင်းပြီး စိုက်ပျိုးမယ်ဆိုရင်တော့ အလျား ပေ ၃၀ အနံ ၅ပေနဲ့ စိုက်ပေါင်အမြင့်ကတော့ ၄ လက်မခန့် ထားရမှာ ဖြစ်ပါတယ်။

ရေသွင်းပြီး စိုက်ပျိုးမယ်ဆိုရင်တော့ ပေါင်အမြင့်က  ၆လက်မခန့် ထားရမှာလည်း ဖြစ်ပါတယ်။ တစ်ပင်နှင့်တစ်ပင်ကိုတော့ ၇ လက်မကနေ ၉ လက်မခန့် စိုက်ပျိုးပေးရမှာလဲ ဖြစ်ပါတယ်။ စိုက်ပေါင်တစ်ခုနှင့် တစ်ခုကိုတော့ လူသွားလမ်း တစ်ပေခန့် ခြားထားပေးရမှာပါ။ တိုက်ရိုက်မျိုးစေ့ချစိုက်ပျိုးမယ်ဆိုရင်တော့ စိုက်ခင်းမှာ တစ်ပေခွဲခန့်ခွာပြီး စိုက်ကြောင်းများဖော်ပြီးတော့ ကြွက်မီးတန်း မျိုးစေ့ချ စိုက်ပျိုးပေးရမှာပါ။

ပျိုးထောင်ပြီးမှ ပြောင်းရွေ့စိုက်ပျိုးမယ်ဆိုရင်တော့ သန်စွမ်းတဲ့ အပင်များကိုသာ ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ မေမြို့ပန်းစိုက် တောင်သူတစ်ဦးဖြစ်တဲ့ ဟင်္သာတမြို့က ကိုအောင်မိုးကိုက   မေမြို့ပန်းစိုက်ပျိုးရေးနဲ့ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“မေမြို့ပန်းစိုက်တာတော့ အရင်ဆုံး ပျိုးပင်ကို ပျိုးလိုက်တာ ပျိုးတော့ တစ်လနဲ့ငါးရက်နဲ့ စိုက်လို့ရတယ်။ စိုက်ပြီးတာနဲ့ တစ်လျှောက် ရေလောင်းပေးရတယ်။ လောင်ပေးပြီးတော့ ဆယ်ရက်လောက်ကြာတော့ အစာလေး နည်းနည်းပါးပါး ပက်ပေးရတယ်။ ပက်ပြီးသွားလို့ ရက် ၂၀ လောက်ကြာ အပင်လေး နည်းနည်းသန်လာပြီဆိုရင် ခါးလေး ခွဲပေးရတယ်။ ခါးခွဲပြီး အစာပက်ကျွေးရတယ်။ အဲတာပြီး ရေဆက်လောင်း ကြားထဲမှာ ပိုးကောင်လေးကျရင် ဆေးလေးဖျန်းပေးရတာပေါ့။ ပိုးကျရင်ကျသလို ဖျန်းပေးရတာပေါ့နော်။

 စစိုက်တဲ့ အချိန်ကနေ ခူးတဲ့အချိန်ဆိုတော့ လေးလလောက်တော့ ကြာတာပေါ့။ စိုက်ပြီး တစ်လပြည့်ရင်တော့ အားဆေးလေး နည်းနည်း ဖျန်းပေးရတယ်။ အစာကို ခါးခွဲပြီးလို့ ပစ်ပြီးသွားရင် တစ်ပါတ်တစ်ခါ ပုံမှန်လောက် ကျွေးပေးရတယ်။ ကျွေးပြီးသွားလို့ အပင်လေး လည်သွားရင် အစာကျွေးစရာမလိုတော့ဘူး။ သူက ရေနဲ့ အားဆေးလေးပဲ ဖိပေးရတာ။ စဝင်တဲ့ အချိန်မှာတော့ ဖူးလုံးပိုးလောက်ပဲ လိုက်ရတယ်။ ကျန်တဲ့ ရွက်စားပိုးကတော့ အပင်စိုက်ပြီးခါစ ပျိုးတဲ့ အချိန်လေးမှာလောက်ပဲ ရွက်စားပိုးက ရှိတယ်။ ကျန်တဲ့ အချိန်တွေမှာတော့ ရွက်စားပိုး မရှိပါဘူး။ ဖူးလုံးလာရင် ဖူးလုံးပိုးလေး ဆေးဖျန်းပေးရတယ်။ ပိုးမကျတော့လည်း တစ်ပါတ်လောက်ကို နည်းနည်းပါးပါးလေးပဲ ဖျန်းပေးရတယ်။

ရောင်းချတဲ့ အခါမှာ ဖောက်သည်လာတယ်လေ။ ခါတိုင်းနှစ်တွေမှာတော့ ဖောက်သည်က တစ်နေ့ကို အထုပ် ၁၀၀ ကျော်ထွက် ၁၀၀ ကျော်ကုန်ပါတယ်။ ဒီနှစ်ကတော့ ဈေးကွက်က ပျက်နေတယ်။ ဈေးကွက်က ဟိုမှာ ရောင်းရမလို ဒီမှာရောင်းရမလိုနဲ့ အကုန်လိုက်ပိတ်လိုက်တော့ ရောင်းရတဲ့သူတွေက ဟိုမှာဖောက်သည်ယူတဲ့ သူတွေက ရောင်းရဖို့ နေရာတွေက ကျပ်နေတယ်။ ရောင်းအားကျသွားတော့ ဒီနှစ်ပန်းနှုတ်တဲ့အခါ ရက်ခြားတွေနဲ့ နှုတ်နေရတယ်။ ရက်ခြားတောင် ထွက်သလောက် မနှုတ်နိုင်ဘူး သူလိုသလောက်ပဲ နှုတ်တာပေါ့နော်။   ဈေးကွက်မှာတော်တော် ဒုက္ခရောက်နေတယ်။ ရောင်းအားက တော်တော်လျော့သွားတာ။ မရောင်းရလို့တော့ မဟုတ်ဘူး။ နေရာက မမှန်တော့ ဈေးဝယ်သူက ဟိုမှာဝယ်ရမလို ဒီမှာ ဝယ်ရမလို သုံးနေရာမှာ ဖြစ်နေတော့ ဒီရောင်းတဲ့သူကလည်း တစ်နေရာတည်းမှာ ထိုင်ရောင်းတော့ ဖောက်သည်က လိုသလောက်မလာတော့ သူကလည်း နှုတ်ချင်သလောက် မနှုတ်နိုင်ဘူး။ ခါတိုင်းနှစ်ဆိုရင် ၁၅၀ ထွက် ၁၅၀ အကုန်ပြတ်တယ်။

သူက စစိုက်တော့ ထည်ထိုးပြီး ထွန်လိုက်တယ်။ ထွန်ပြီးတော့ တမံပေါ်လုပ်ပြီး ပေါင်လေးတွေ ဆွဲတင်တယ်။ မြောင်းလေးတွေ တစ်ခါတည်း ဆွဲပြီးသား အဲဒီအထဲမှာ စစိုက်တော့မယ်ဆိုလည်း ကျရော ကျွန်တော်တို့ဘက် နှစ်ချက်တီးလောက် စိုက်တာကိုး။ စိုက်တော့မယ်ဆို ၁၂ နာရီ လောက်ကြတော့ ရေလောင်းပေးထားရတယ်။ မြေကြီးခဲနှုးသွားအောင်လို့ လောင်းပြီးလဲသွားရော နှစ်ချက်တီး စိုက်သမား ဆင်းလာတော့ လက်နဲ့ထိုး အဲဒီအထဲကို စိုက်တာ။ စိုက်ပြီးတော့ နောက်ကနေ စိုက်ရေ နည်းနည်းလောင်းပေးရတယ်။ ညနေပိုင်းကြ မလောင်းရဘူး။ နောက်နေ့ မနက်ကြ မှ လောင်းရတယ်။ နောက်နေ့မနက်ကြ လောင်းပြီးတော့ ညနေပိုင်းကြ မလောင်းတော့ဘူး။ ညနေပိုင်းလောင်းလို့ ရှိရင် ရွံ့တွေကပ်ပြီးတော့ အပင်က မထတော့ဘူး။ အရွက်တွေ ကပ်ပြီး အရွက်တွေ ခြောက်ကုန်တယ်”

ပန်းပွင့်များ ပွင့်လာတဲ့ အခါမှာတော့ အပင်ရဲ့ ၅၀ ရာခိုင်နှုန်း ပွင့်တယ်ဆိုရင် အပင်ကို နှုတ်ယူပြီး ရောင်းချနိုင်ပါတယ်။ မျိုးစေ့များကို ထုတ်ယူရန် အတွက်ကတော့ မြေပြန့်မှာဆိုရင် ဆောင်းရာသီမှာ စိုက်ပျိုးရမှာ ဖြစ်သလို တောင်ပေါ်ဒေသတွေမှာ ဆိုရင်တော့ မိုးတွင်းမှာ စိုက်ပျိုးသင့်ပါတယ်။ မျိုးသန့်ပြီး လှပတဲ့ အပင်များကို ပန်းများ မခူးပဲ ချန်လှပ်ထားပြီး မျိုးစေ့ယူရမှာပဲ ဖြစ်ပါတယ်။ ပန်းပွင့်များ အတော်အသင့် ခြောက်သွေ့သွားတဲ့ အခါမှာတော့ နှစ်ရက်ခန့် နေလှမ်းပြီး အရိပ်ထဲမှာ သုံးရက်ခန့် အခြောက်ခံထားရမှာပါ။ ပြီးရင်တော့ မျိုးစေ့များကို ပုလင်းထဲထည့်ပြီး သိမ်းဆည်းနိုင်ပါတယ်။ မေမြို့ပန်းများကို စိုက်ခင်းမှာ လာရောက်ဝယ်ယူပြီး ပြန်လည်ရောင်းချသူ တစ်ဦးဖြစ်တဲ့ ဟင်္သာတမြို့က မစုမြတ်မွန်ကလည်း  မေမြို့ပန်းဈေးကွက်နဲ့ ပတ်သက်ပြီး အခုလို ရှင်းပြပါတယ်။

“အခုပြာသိုလဆန်းမှာ စပေါတယ်ပေါ့။ ရောင်းဝယ်ကောင်းတာကတော့ တပို့တွဲလလောက်မှ အရောင်းဝယ်ကောင်းတယ်။ အခုချိန်ကတော့ အရောင်းအဝယ်သိပ်မကောင်းဘူး။ ဒီပန်းလေးက ဘယ်လိုလဲဆိုတော့ အသုံးခံလို့လေ ဘုရားလှူလို့ရှိရင် လေးငါးရက်လောက် ခံတယ်ပေါ့။ အဲတာကြောင့်မို့ လူတွေက ပိုကြိုက်တယ်။ အစပေါ်တုန်းကတော့ ဆယ်ပင်ကို ၆၀၀ ရောင်းရတယ်ပေါ့။ လှိုင်လှိုင်ပေါ်သွားတဲ့ အချိန်ကြတော့ ဆယ်ပင်ကို ၃၅၀ ပဲရှိတော့တယ်။ ဈေးနည်းနည်းကျသွားတာပေါ့။ ရောင်းရတာတော့ အဆင်ပြေပါတယ်။ ဖောက်သည်က သူ့ဟာသူ လာပါတယ်”။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly