ကွတ်ခိုင်၊ ငေါ့ငါးရွာတွင် တအာင်းတပ် နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ကျော် ထွက်ပြေးရ

ကွတ်ခိုင်၊ ငေါ့ငါးရွာတွင် တအာင်းတပ် နှင့် အစိုးရတပ် တိုက်ပွဲကြောင့် ဒေသခံ ၅၀၀ကျော် ထွက်ပြေးရ
ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲတွင် တအာင်းတပ် နှင့် အစိုးရတပ်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသူများကိုတွေ့ရစဉ်။ (ဓာတ်ပုံ-ဟိန်းထက်/အီးပီအေ)

ချင်းမိုင်၊ မတ် ၁၀ ။         ။ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မြန်မာ့တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒုက္ခသည်တစ်ဦးနှင့် ဒုက္ခသည်များကို ကူညီနေသူများက ပြောသည်။

ယခု ရက်ပိုင်းအတွင်း ကွတ်ခိုင်မြို့နယ် ငေါ့ငါးကျေးရွာသို့ အစိုးရ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ရှိသဖြင့် ရွာသားများ ကြောက်ကာ နမ်ဖတ်ကာမြို့သို့ ထွက်ပြေးလာခြင်း ဖြစ်သည်ဟု ထွက်းပြေးတိမ်းရှောင်လာသူ ငေ့ါငါးကျေးရွာသား ဦးအိုက်ရီက ပြောသည်။

“ကျနော်တို့က ၇ ရက်၊ ၈ရက်ကနေ ငေါ့ငါးကနေ နမ့်ဖတ်ကာကို ထွက်ပြေးလာတာ။ စစ်တပ်က ရွာထဲမှာ ဝင်လာတဲ့ အခါကြတော့ သူတို့ မင်္သကာဘူးဆိုရင် လက်နက်ကြီး အမြောက်နဲ့ လှမ်းပစ်တယ်။ ရွာထဲမှာတော့ ဘာမှ မဖြစ်ဘူး။ အဲဒီလို ပစ်တဲ့ အချိန်မှာ ရွာသားတွေ ကြောက်တော့ ထွက်ပြေးလာကြတာ၊ ရွာထဲမှာ ပစ္စည်းတွေ မယူရသေးတဲ့လူတွေ နည်းနည်းကျန်သေးတယ်”ဟု ဦးအိုက်ရီက မဇ္ဈိမကို ပြောသည်။

မတ်လ ၅ ရက်ကလည်း မြန်မာ့တပ်မတော်မှ ငေါ့ငါးကျေးရွာသားများအား အစည်းအဝေးရှိသည်ဟုဆိုကာ ခေါ်ယူခဲ့ပြီးနောက် အမျိုးသား ၁၄ ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားရာမှ ၁၀ ဦးမှာ ထွက်ပြေးလွတ်မြောက်လာသော်လည်း ၄ ဦးသည် ယနေ့ထိ လွတ်မြောက်လာခြင်း မရှိသေးကြောင်း သူက ပြောသည်။

“စစ်တပ်ကနေ လာပြီးတော့ အစည်းအဝေးခေါ်မယ်ဆိုပြီးတော့ ယောကျားလေးတွေကို ခေါ်စုတယ်။ ခေါ်စုတဲ့အချိန်မှာ သူတို့က အစည်းအဝေး မလုပ်ဘဲနဲ့ အသက်ကြီးတဲ့လူတွေကို ရွေး၊၁၈ နှစ် အထက်တွေကို   စုပြီးတော့ လမ်းပြအဖြစ်နဲ့ ခေါ်သွားတယ်။ ခေါ်သွားလိုက်တော့ ရွာနဲ့ နည်းနည်းအလွန်မှာ တိုက်ပွဲ ဖြစ်တယ်။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ၁၀ ယောက်က ထွက်ပြေးပြီးတော့ ၄ ယောက်က ကျန်နေတယ်။ ဒီနေ့ထိ သတင်းလည်း မကြားရဘူး၊ တွေ့တဲ့ လူတွေက တပ်မ ၃၃ တပ်လို့ ပြောတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။

လက်ရှိ ပလောင်စာပေယဉ်ကျေးမှုအဖွဲ့မှ နမ်ဖတ်ကာမြို့ ဓမ္မာရုံတွင် ခိုလှုံထားသာ်လည်း နေရာလုံလောက်မှု မရှိသဖြင့် ဓမ္မာရုံ အနီးတဝိုက်ရှိ နေအိမ်များသို့ ညပိုင်းတွင် သွားရောက် အိပ်နေရသည်ဟု သူက ပြောသည်။

အဆိုပါ ရှာသားများသည် မတ်လ ၈ ရက်မှ စတင်၍ ထွက်ပြေး တိမ်းရှောင်လာကာ လက်ရှိ ဒုက္ခသည်စခန်းဖွင့်ထားခြင်း မရှိသေး သော်လည်း နမ့်ဖတ်ကာမြို့ ရပ်ကွက် ၄ အောင်သပြေ ဓမ္မာရုံတွင် ခိုလှုံစေသည်ဟု ဒုက္ခသည်စခန်းကော်မတီ၏ အတွင်းရေးမှူး တားအိုက်ညီက ပြောသည်။

“၈ ရက်ကနေ ၉ ရက်၊ ဒီနေ့ထိ ၅၀၀ ကျော်လောက်ရှိပြီ။ သူတို့က ငေါ့ငါးရွာထဲမှာတော့ တိုက်ပွဲ မဖြစ်ဘူး။ ဒါပေမဲ့ လက်နက်ကြီးတွေ ရွာထဲကျတယ်။ လူထိမှာကြောက်လို့ ထွက်ပြေးလာတာ။ အခုတော့ တိုက်ပွဲမဖြစ်ဘူး။ စစ်သားတွေနဲ့ ရွာထဲမှာ ရှိနေတယ်။ စားဝတ်နေရေးနဲ့ နေထိုင်ဖို့ အခက်အခဲရှိတယ်။ အိပ်ဖို့ နေရာသိပ်မဆန့်တော့ ခက်ခဲနေတယ်။ ကလေးတွေလည်းပါလာတော့ သူတို့ ခြုံဖို့ စောင်တွေ ခက်ခဲတယ်”ဟု သူက ပြောသည်။

လတ်တလော တအာင်း(ပလောင်)အမျိုးသမီးအစည်းအရုံး (PWO)နှင့် တအာင်း(ပလောင်)ယဉ်ကျေးမှုအဖွဲ့တို့က ဆန်နှင့် ဆီများ လာရောက် ကူညီထောက်ပံ့ပေးနေသည်ဟု သူက ပြောသည်။

မတ်လ ၁၀ ရက် နံနက် ၂ နာရီတွင် တနမ့်ဆန်မြို့နယ် ပန်တောင်းကျေးရွာအနီး တစ်နေရာ၊ မန်တုံမြို့နယ် ဟိုတပ် ကျေးရွာတွင်လည်း တစ်နေရာများတွင် တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ကျောက်မဲမြို့နယ် ပန်းလော(ပန်လုံ)နှင့် ပါလိုင်း ကျေးရွာ အကြားတွင် ဖြစ်ပွားသော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ စစ်လေယာဉ် ၂ စီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု TNLA မှ သတင်းနှင့် ပြန်ကြားရေးဌာနက မတ်လ ၁၀ ရက် မွန်းလွဲပိုင်းက သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်၍ မြန်မာ့တပ်မတော်ဘက်မှ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲ၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ ကွတ်ခိုင်၊ မူဆယ်၊ နမ့်ခမ်း စသည့် မြို့များမှ တအာင်းတပ်မတော်လှုပ်ရှားနေသော ဒေသခံများသို့ အင်အား ၅၀၀၀ ခန့်ထိ တိုးမြင့်လာပြီးနောက် နှစ်ဖက် တပ်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်သည်။

TNLA သည် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း NCA တွင် လက်မှတ်ရေးထိုးရန် တစ်ခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ အစိုးရ နှင့် ဆွေးနွေးမှုတွင် ပါဝင်ခဲ့သေ်ာလည်း အစိုးရဘက်မှ NCA တွင် လက်မှတ်ရေးထိုးရန် လက်မခံသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags