ဗဟိုဦးစီးစနစ်ကာလမှစ၍ နိုင်ငံရေးအခင်းအကျင်းများ ပြင်ဆင်ချထားခဲ့

ဗဟိုဦးစီးစနစ်ကာလမှစ၍ နိုင်ငံရေးအခင်းအကျင်းများ ပြင်ဆင်ချထားခဲ့

လက်ရှိအခြေအနေများမှ ယိမ်းယိုင်သွားမည်ကို လက်ခံမည်မဟုတ်

မတ်လ ၁၀ ရက် ။            ။ ၁၉၈၈ ခု တပ်မတော်အစိုးရတက်လာပြီးနောက် ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်ကာလမှစ၍ ပါတီစုံ ဒီမိုကရေစီစနစ် ကျင့်သုံးနိုင်ရန် နိုင်ငံရေးအခင်းအကျင်းများ   ပြင်ဆင်ချထားခဲ့သည်ဟု တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

မတ်လ ၉ ရက် နေ့တွင် ကာကွယ်ရေးတက္ကသိုလ် သင်တန်းခန်းမ၌ နည်းပြအရာရှိကြီးများနှင့် သင်တန်းသား အရာရှိကြီးများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးက ယင်းသို့ထည့်သွင်းပြောဆိုခြင်းဖြစ်သည်။

လက်ရှိကျင့်သုံးနေသည့် ပါတီစုံဒီမိုကရေစီစနစ် ပထမအဆင့် ၅ နှစ် သက်တမ်းတွင်လည်း တပ်မတော်အနေဖြင့် ပြင်ဆင်ချထားသည့် လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာ ရပ်တည်လျှောက် လှမ်းနိုင်ရန် ပါဝင်လုပ်ဆောင်ခဲ့ပြီး တိုးတက်မှုများလည်း ရရှိခဲ့သည်ဟုဆိုသည်။

ဆက်လက်လျှောက်လှမ်းရမည့် ဒုတိယအဆင့်တွင်လည်း လက်ရှိအခြေအနေများမှ ယိမ်းယိုင်သွားမည်ကို လက်ခံမည် မဟုတ်ဘဲ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိရှိဖြင့် ရပ်တည်နိုင်ရန် ကြိုးစားလုပ်ဆောင်ရမည်ဟုလည်း သတိပေးမှာကြားသည်။

ထို့ပြင် ဒီမိုကရေစီစနစ် ကျင့်သုံးရာတွင် တည်ငြိမ်အေးချမ်းမှုသည် အဓိကကျပြီး၊ တရားဥပဒေ စိုးမိုးမှု မရှိပါကလည်း ပရမ်းပတာဒီမိုကရေစီသာဖြစ်မည်ဟု တပ်ချုပ်ကြီးက သတိပေးသွားသည်။

ထို့ကြောင့် ဒီမိုကရေစီစနစ်အား လက်ခံပါက၊ လေးစားမြတ်နိုးပါက၊ အဓွန့်ရှည်စေလိုပါက စည်းကမ်းရှိရန်၊ ဥပဒေကို လေးစား လိုက်နာရန်လိုသည်ဟု ပြောကြားသည်။

တပ်မတော်အနေဖြင့် အမျိုးသားနိုင်ငံရေးတွင် ပါဝင်ရခြင်းမှာလည်း တိုင်းပြည်မယိုင်လဲ၊ မပြိုကွဲစေရန်အတွက် ဖြစ်သည်ဟု လည်း အကြောင်းပြပြောဆိုသည်။

ဒီမိုကရေစီအား ပုံဖော်နေကြသည့် ပြည်သူ၊ ပြည်သားများ စည်းကမ်းနှင့် ဥပဒေကို လေးစားလိုက်နာရမည်ဖြစ်သကဲ့သို့ တပ်မတော်သားများအနေဖြင့်လည်း စည်းကမ်းနှင့် ဥပဒေကို စံနမူနာပြ လိုက်နာကြရမည်ဟုလည်း တပ်မှူးကြီးများအား မှာကြားသွားသည်။

၂၀၀၃ ခု၊ သြဂုတ်လတွင် ကြေညာခဲ့သည့် မြန်မာနိုင်ငံ ရှေ့ဆက်သွားမည့် အဆင့် ၇ ဆင့်ပါ လမ်းပြမြေပုံအတိုင်း အကောင်အထည်ဖော်လာရာ ယခုအခါ အဆင့် ၇ ကို ရောက်ရှိနေပြီဖြစ်သည်။

အဆင့် ၇ တွင် ခေတ်မှီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ်နိုင်ငံအား လွှတ်တော်အသီးသီးမှ ရွေးချယ်လိုက်သည့် နိုင်ငံ ခေါင်းဆောင်များ၊ အစိုးရနှင့် လွှတ်တော်မှ ဖွဲ့စည်းပေးသည့် အဖွဲ့များဖြင့် တည်ဆောက်သွားမည်ဟု ဖော်ပြထားသည်။

မတ်လ ၉ ရက်နေ့ တွေ့ဆုံပွဲသို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် ကျောင်းအုပ်ကြီး၊ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီး ၇၉ ဦး တို့ တက်ရောက်ကြသည်။

Ref; MOI

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly