တရုတ်ကခန့်အပ်မည့်ဒလိုင်းလားမားကိုဆက်ခံသူကိုလက်မခံနိုင်ကြောင်းအိန္ဒိယဗုဒ္ဓဘာသာအဖွဲ့အစည်း ထုတ်ပြန်

တရုတ်ကခန့်အပ်မည့်ဒလိုင်းလားမားကိုဆက်ခံသူကိုလက်မခံနိုင်ကြောင်းအိန္ဒိယဗုဒ္ဓဘာသာအဖွဲ့အစည်း ထုတ်ပြန်

တိဗက်ထိပ်တန်းဘာသာရေးခေါင်းဆောင်ဒလိုင်းလားမားအားဆက်ခံမည့်သူကိုတရုတ်ကခန့်အပ်ခြင်းအား အိန္ဒိယအခြေစိုက်ဗုဒ္ဓဘာသာအဖွဲ့အစည်းတစ်ခုနှင့် ဟိမဝန္တာဒေသမှ ပြည်သူများက လက်ခံမည်မဟုတ်ကြောင်း ကြေညာလိုက်သည်။

“တရုတ်အစိုးရကနိုင်ငံရေးရည်မှန်းချက်အတွက်ဒလိုင်းလားမားကိုဆက်ခံမယ့်ကိုယ်စားလှယ်လောင်းကို ရွေးချယ်မယ်ဆိုရင်ဟိမဝန္တာဒေသကပြည်သူတွေကဘယ်တော့မှလက်ခံမှာမဟုတ်ပါဘူး၊ဒီလိုနိုင်ငံရေးအရ ခန့်အပ်ခံရသူကို ရိုသေလေးစားမှာ မဟုတ်သလို ဒီလိုလုပ်ရပ်ကိုလူသိရှင်ကြားရှုတ်ချပါတယ်” ဟု နာလန္ဒဗုဒ္ဓဘာသာအဖွဲ့၏ အိန္ဒိယဟိမဝန္တာကောင်စီ၏ ဒီဇင်ဘာ၂၀ရက်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“လူဝင်စားနာမ်ပိုင်းဆိုင်ရာကိစ္စရပ်ကိုအသိအမှတ်ပြုခြင်းနှင့်သေပြီးနောက်ဘဝဖြစ်တည်ခြင်းဟူသည့်နိယာမ ဒဿနသည်နာလန္ဒဗုဒ္ဓဘာသာအဖွဲ့အစည်း၏အစဉ်အလာတစ်ခုဖြစ်ပြီးထူးခြားသောဘာသာရေးကျင့်စဉ်တစ်ခု ဖြစ်သည်”ဟုကောင်စီကပြောကြားခဲ့သည်။

၁၉၅၉ခုနှစ်တွင်တရုတ်အုပ်စိုးမှုကိုဆန့်ကျင်သည့်မအောင်မြင်သော နိုင်ငံတော်အုံကြွမှုအတွင်း ဒလိုင်းလားမားသည်အိန္ဒိယသို့ထွက်ပြေးခဲ့ရသည်။

ယခုအခါအသက်၈၇နှစ်ရှိပြီဖြစ်သည့်အတွက် ဆက်ခံမည့်သူကိစ္စနှင့်ပတ်သက်ပြီးစိုးရိမ်မှုများ ပေါ်ပေါက်လာခဲ့သည်။

သက်ကြီးဝါကြီးရဟန်းတော်များ ပျံလွန်တော်မူပြီးနောက် လူပြန်ဝင်စားကြကြောင်း တိဗက်ရိုးရာဓလေ့အရ သတ်မှတ်ထားသည်။

ဝင်စားပြီးဆက်ခံမည့်သူသည်တရုတ်ထိန်းချုပ်မှုမရှိသည့်နိုင်ငံတစ်ခုတွင်မွေးဖွားလိမ့်မည်ဖြစ်ကြောင်း ဒလိုင်းလားမား ကပြောကြားထားသည်။

တိဗက်ကိုနိုင်ငံတကာ၏ထောက်ခံမှုအဆုံးသတ်ရန်ရည်ရွယ်ချက်ဖြင့်လူထုဆက်ဆံရေးမဟာဗျူဟာအရဒလိုင်း လားမားကွယ်လွန်ပြီးနောက် လက်ရှိဒလိုင်းလားမားနေရာတွင် ရုပ်သေးခေါင်းဆောင်ကိုခန့်အပ်ရန် တရုတ်ကစီစဉ်နေကြောင်းအောက်တိုဘာလတွင်RFA ကဖော်ပြခဲ့သည်။

ဒလိုင်းလားမားနှင့်ပတ်သက်၍ တရုတ်အစိုးရက ဆုံးဖြတ်ပိုင်ခွင့်မရှိကြောင်း အိန္ဒိယဟိမဝန္တာကောင်စီဥက္ကဋ္ဌလိုချန်ကRFA တိဗက်ဌာနသို့ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required