အာဖဂန်နစ္စတန်တွင် လုံခြုံရေးဝန်ထမ်းဟောင်းများ ဆက်လက် အသတ်ခံနေရ

အာဖဂန်နစ္စတန်တွင် လုံခြုံရေးဝန်ထမ်းဟောင်းများ ဆက်လက် အသတ်ခံနေရ

အာဖဂန်နစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ် ဩဂုတ်လက တာလီဘန်တို့ အာဏာပြန်ရစဉ် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို ကြေညာခဲ့သော်လည်း အဆိုပါနိုင်ငံတွင် ယခင်အာဖဂန်နိုင်ငံတော် လုံခြုံရေးတပ်ဖွဲ့ဝင်ဟောင်းများ ပဟေဠိဆန်ဆန် အသတ်ခံရသည့် ဖြစ်စဉ်များက ဆက်လက်ဖြစ်ပွားနေကြောင်း လွတ်လပ်သော သတင်းရင်းမြစ်များကို ကိုးကားပြီး The Khaama Press သတင်းအေဂျင်စီက ဖော်ပြသည်။

ကဘူးလ်ကို ထိန်းချုပ်ပြီးနောက်ပိုင်း တာလီဘန်တို့ ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ ယခင်အစိုးရ လက်အောက်ရှိ လုံခြုံရေးအဖွဲ့အစည်းအသီးသီးတွင် တာဝန်ထမ်းခဲ့သည့် အာဖဂန်စစ်ဖက်အမှုထမ်းအားလုံးကို ဖမ်းဆီးထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း သို့မဟုတ် အကျဉ်းချခြင်းများအပေါ် တားမြစ်ကြောင်း ပြောခဲ့သည်ဟု အာဖဂန်သတင်းအေဂျင်စီက ဖော်ပြသည်။

တာလီဘန်တို့သည် ယခင်အစိုးရနှင့် ပတ်သက်ခဲ့သည့် အရပ်သားများ၊ စစ်ဖက်အမှုထမ်းများအတွက် လွတ်ငြိမ်းချမ်းသာခွင့်ကို ကြေညာခဲ့သလို ထိုလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို ချိုးဖောက်သည့် တာလီဘန် တပ်ဖွဲ့ဝင်များ တာဝန်ခံရလိမ့်မည်ဖြစ်ကြောင်း တာလီဘန်ခေါင်းဆောင်ပိုင်းက အာမခံ ပြောဆိုမှုများ ရှိခဲ့သော်လည်း အဆိုပါနိုင်ငံတွင် အကျဉ်းရုံးလက်တန်း ကွပ်မျက်မှုများနှင့် အတင်းအဓမ္မ ဖမ်းဆီး ဖျောက်ဖျက်မှုများက ဆက်လက်ဖြစ်ပွားနေကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။

တာလီဘန်တို့ ကဘူးလ်ကို စီးနင်းသိမ်းပိုက်မှု မတိုင်မီ သီတင်းပတ်များအတွင်း အာဖဂန်အစိုးရအရာရှိများကို ပစ်မှတ်ထားသည့် လုပ်ရပ်များအပါအဝင် လက်စားချေသတ်ဖြတ်မှုများက အဓိကမြို့ကြီးများနှင့် အဝေးပြေးလမ်းများတလျောက် ဖြစ်ပွားမှု မြင့်တက်နေခဲ့ပြီး ဖြစ်သည်။

တာလီဘန်တို့သည် ထောက်လှမ်းရေးအဖွဲ့များနှင့် ယခင်အစိုးရ ကျန်ခဲ့သည့် အစိုးရအလုပ်အကိုင် ခန့်အပ်မှု မှတ်တမ်းများမှတဆင့် ဖမ်းဆီး၊ ကွပ်မျက်မှုအတွက် ပစ်မှတ်သစ်များကို ခွဲခြားဖော်ထုတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly