တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမြင့်တက်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်တွင် ကိုဗစ်-၁၉ ကူးစက်ခံရမှုမြင့်တက်

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှ စစ်တမ်းဖြေဆိုခဲ့သော လူများ၏ ၆၀ ရာခိုင်နှုန်းကျော်က ကိုဗစ်-၁၉ ကူးစက် ခံထားရကြောင်း စစ်တမ်းတစ်ရပ်ကို ကိုးကား၍ NHK သတင်းဌာနက ဖော်ပြသည်။ စီချွမ်ပြည်နယ်မှ အာဏာပိုင်များက လူပေါင်း ၁၅၈ ၅၀၀ ပါဝင်သော အွန်လိုင်းစစ်တမ်းတစ်ရပ်ကို လုပ်ဆောင်ခဲ့ပြီး ၎င်းအနက် ၆၃ ရာခိုင်နှုန်းက ဓာတ်ခွဲစမ်းသပ်မှု သို့မဟုတ် စမ်းသပ်ကိရိယာဖြင့် စစ်ဆေးသည့်ရလဒ်အရ ရောဂါကူးစက်ခံထားရကြောင်းပြောသည်။ စီချွမ်တွင် လူဦးရေခန့်မှန်းခြေ ၈၃ သန်းခန့်ရှိသည်။

အမှန်တကယ်ကူးစက်ခံရသူ ရာခိုင်နှုန်းမှာ မြင့်မားနိုင်ဖွယ်ရှိပြီး ဆေးစစ်မှုမလုပ်သူ ၃၀ ရာခိုင်နှုန်းနီးပါးက အဖျားနှင့် ချောင်းဆိုးခြင်းကဲ့သို့သော လက္ခဏာများပြကြောင်း စီချွမ် ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ က ပြောသည်။ ရှန်တုန်းနှင့် ယူနန်ပြည်နယ်များတွင် အဖျားပျောက်ဆေးများနှင့် စမ်းသပ်ကိရိယာများ ပြတ်လပ်ပြီး ဈေးနှုန်းများလည်း မြင့်တက်နေကြောင်း တရုတ်မီဒီယာက ဖော်ပြသည်။

တရုတ်နိုင်ငံတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဖျက်သိမ်းလိုက်ပြီးကတည်းက နိုင်ငံတစ်ဝန်း ကိုဗစ်စမ်းသပ်ကိရိယာများနှင့် ဆေးဝါးပြတ်လပ်မှုအပါအဝင် ရောဂါကူးစက်မှုများ မြင့်တက်လာသည်။ ဆေးရုံရင်ခွဲရုံးများတွင် အလောင်းထည့်ထားသောအိတ်များ ပြည့်နှက်နေသည့် ပုံများကဲ့သို့သော လူမှုမီဒီယာပေါ်၌ ပျံ့နှံ့လာသည့် သက်သေများကိုလည်း ဆင်ဆာအဖွဲ့က အလျင်အမြန် ဖြုတ်ချခဲ့သည်။

ပြည်နယ်တစ်ခုနှင့် မြို့ကြီး ၃ မြို့တွင် မကြာသေးခင် ရက်များအတွင်း ကိုဗစ်ကူးစက်မှုများသည် တရားဝင်ထုတ်ပြန်သည့်ကိန်းဂဏန်းများထက် များပြားခဲ့ကြောင်း New York Times က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly