ပူတင်နှင့် ရှီကျင့်ဖျင် အွန်လိုင်းအစည်းအဝေးပြုလုပ်မည်

ပူတင်နှင့် ရှီကျင့်ဖျင် အွန်လိုင်းအစည်းအဝေးပြုလုပ်မည်

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယခုရက်သတ္တပတ်အတွင်း အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ဆွေးနွေးဖွယ်ရှိကြောင်း ရုရှားနိုင်ငံပိုင်သတင်းအေဂျင်စီ TASS က ဒီဇင်ဘာ ၂၆ ရက်တွင် ထုတ်ပြန်လိုက်သည်။ နှစ်နိုင်ငံခေါင်းဆောင်များသည် ယူကရိန်း-ရုရှားစစ်ပွဲနှင့် တရုတ်တွင် ကိုဗစ်-၁၉ ကူးစက်မှုများ မြင့်တက်မှုနှင့် ပတ်သက်ပြီး တစ်ကမ္ဘာလုံး၏ ဝေဖန်မှုကို ရင်ဆိုင်နေရသည်။

ပူတင်နှင့်ရှီတို့သည် ပုံမှန်ဆက်သွယ်ပြောဆိုမှုများရှိပြီး ဆွေးနွေးပွဲများထပ်မံပြုလုပ်ရန် ပြင်ဆင်နေကြောင်း ရုရှားပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောသည်။

ရုရှားနှင့်တရုတ်သမ္မတို့သည် နှစ်သစ်ကူးမတိုင်မီ ဆွေးနွေးပွဲပြုလုပ်ကာ ၂၀၂၂ ခုနှစ်အတွက် ခြုံငုံသုံးသပ်မှုပြုလုပ်မည်ဖြစ်ကြောင်း သံတမန်ရင်းမြစ်ကို ကိုးကား၍ ရုရှားအခြေစိုက် သတင်းစာVedomostiက ဖော်ပြခဲ့သည်။ ရုရှားခေါင်းဆောင်က ယူကရိန်းကို ရုရှားမကျူးကျော်မီ ၃ ပတ်အလို ဖေဖော်ဝါရီလတွင် ပေကျင်းသို့ သွားရောက်စဉ် ခေါင်းဆောင်များက နှစ်နိုင်ငံအကြား အကန့်အသတ်မရှိဆက်ဆံရေးကို ကြေညာခဲ့သည်။

ရုရှားသမ္မတဟောင်းလည်းဖြစ် ပူတင်၏ လုံခြုံရေးကောင်စီ ဒုဥက္ကဋ္ဌလည်းဖြစ်သူဒီမီထရီ မက်ဗီဒက်သည် ပြီးခဲ့သောသီတင်းပတ်က ပေကျင်းသို့သွားရောက်ပြီး ရှီနှင့်တွေ့ဆုံခဲ့သည်။ ယူကရိန်းအကျပ်အတည်းတွင် သက်ဆိုင်သူအားလုံး ထိန်းထိန်းသိမ်းသိမ်းလုပ်ရန်နှင့် နိုင်ငံရေးနည်းလမ်းဖြင့် လုံခြုံရေးကိစ္စများကို ဖြေရှင်းရန် ရှီက မျှော်လင့်ကြောင်း မက်ဗီဒက်ကို ပြောခဲ့သည်ဟု တရုတ်နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly