တရုတ်က Pfizerထုတ် ကိုဗစ်သောက်ဆေးကို ဖြန့်ဝေမည်

တရုတ်နိုင်ငံတွင် ကိုဗစ်ကူးစက်မှုများ ဆက်လက်မြင့်တက်လာသောကြောင့် လာမည့်ရက်များအတွင်း ရပ်ရွာကျန်းမာရေးစင်တာများသို့ Pfizer ထုတ် ကိုဗစ်-၁၉ သောက်ဆေး Paxlovidများကို စတင်ဖြန့်ဝေ သွားမည်ဖြစ်ကြောင်း CNNက ဒီဇင်ဘာ ၂၆ ရက်က ဖော်ပြခဲ့သည်။

ပေကျင်းမြို့တွင် ဆေးရုံများ အသည်းအသန်ရုန်းကန်နေရပြီး ဆေးကောင်တာများတွင် ဆေးများ ပြတ်လပ်သည်အထိ ဖြစ်စေသော မကြုံစဖူးကိုဗစ်ကူးစက်မှုများကို ရင်ဆိုင်နေရစဉ် ယခုကဲ့သို့ Pfizer ထုတ် ကိုဗစ်သောက်ဆေး ဖြန့်ဝေမည့်သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

ရပ်ရွာဆရာဝန်များက ကိုဗစ်လူနာများအား ဆေးများဝေပေးကာ အသုံးပြုပုံကို ပြသသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် မီဒီယာက ဖော်ပြသည်။ “ကျွန်တော်တို့ တာဝန်ရှိသူတွေဆီကနေ ညွှန်ကြားချက်ရရှိပြီးပါပြီ။ ဆေးတွေ ဘယ်တော့ရောက်မလဲတော့ မသိရသေးပါဘူး” ပေကျင်း ရှီကျန်းခရိုင် ရပ်ရွာကျန်းမာရေးစင်တာမှ ဝန်ထမ်းတစ်ဦးကို ကိုးကား၍ CNN က ဖော်ပြခဲ့သည်။

တရုတ်တွင် လွန်ခဲ့သော သီတင်း ၂ ပတ်ခန့်က ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို စွန့်လွှတ်ပြီးနောက် ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ခံရသူအရေအတွက် မြင့်တက်လာကာ ကျန်းမာရေးစနစ်မှာ ဝန်နှင့်အားမမျှဘဲ ဖြစ်နေကြောင်း အာရှနည်းပညာဆောင်းပါးရှင် ချန်းချီက New York Timesတွင် ရေးသားခဲ့သည်။ သို့သော် ဗဟိုအစိုးရက တရားဝင်ထုတ်ပြန်သည့် ကိန်းဂဏန်းများမှာ နည်းပါးမြဲဖြစ်သောကြောင့် နိုင်ငံတစ်ဝန်း ကိုဗစ်ကူးစက်မှုအတိုင်းအတာမှာ ပဟေဠိဖြစ်နေဆဲဖြစ်သည်။

လူဦးရေ ၆၅ သန်းခန့်ရှိသော ကျဲ့ကျန်းပြည်နယ်မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့ဒေသတွင် နေ့စဉ်ကိုဗစ်ကူးစက်မှုသည် ၁ သန်းကျော်ရှိမည်ဟု ခန့်မှန်းရကြောင်း ဒီဇင်ဘာ ၂၅ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required