ကိုဗစ်ဖြစ်ပွားမှုဆိုးရွားနေသည့် တရုတ်တွင် နေ့စဉ်ကူးစက်မှုစာရင်း ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းထား

ကိုဗစ်ဖြစ်ပွားမှုဆိုးရွားနေသည့် တရုတ်တွင် နေ့စဉ်ကူးစက်မှုစာရင်း ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းထား

တရုတ်နိုင်ငံတွင် တင်းကျပ်သောကိုဗစ်ကန့်သတ်ချက်များကို ရုတ်ခြည်းဖြေလျှော့လိုက်အပြီး ကူးစက်မှုများ ဆိုးရွားလာပြီးနောက် ကျန်းမာရေးကော်မရှင်က နေ့စဉ် ကိုဗစ်-၁၉ ကူးစက်မှုစာရင်းများ ထုတ်ပြန်ခြင်းကို ရပ်ဆိုင်းလိုက်သည်။

နိုင်ငံသားပေါင်း သန်းပေါင်းများစွာကို အသွားအလာပိတ်ဆို့ပြီး ကမ္ဘာ့ဒုတိယ စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံအား ထိခိုက်စေခဲ့သည့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အပြောင်းအလဲများလုပ်လိုက်ပြီးနောက်ပိုင်း အရေးကြီးလှသောအချက်လက်များမရရှိတော့သည့်အပေါ် စိုးရိမ်မှုများကြီးထွားနေချိန်တွင် နေ့စဉ်ကူးစက်မှုနှင့် သေဆုံးမှု စာရင်းများအား ထုတ်ပြန်ခြင်းကို ရုတ်တရက်ရပ်တန့်လိုက်ခြင်းဖြစ်သည်။

ကိုဗစ်ကူးစက်မှုစံချိန်တင်မြင့်တက်နေသော်လည်း ကျန်းမာရေးကော်မရှင်က အချက်အလက်များကိုထုတ်ပြန်မှု မရပ်ဆိုင်းမီ နိုင်ငံတစ်ဝန်းတွင် ၄ ရက်ဆက်တိုက် သေဆုံးသူမရှိကြောင်း ကြေညာခဲ့သည်။

တရုတ်သည် ကိုဗစ်ကြောင့်ဖြစ်သော အဆုတ်ရောင်ရောဂါနှင့် အသက်ရှူလမ်းကြောင်းချွတ်ယွင်းမှုတို့ကိုသာ ထည့်တွက်ပြီး ကိုဗစ်ကြောင့်သေဆုံးမှုကို လျော့နည်းအောင်လုပ်ခဲ့သည်။

တရုတ်သည် ကိုဗစ်-၁၉ ကူးစက်မှုကို တည်ငြိမ်အောင် ရုန်းကန်နေရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ပြီးခဲ့သည့်သီတင်းပတ်က သတိပေးခဲ့သည်။ တရုတ်နိုင်ငံတွင် ကိုဗစ်ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ပြီးနောက်ပိုင်း WHO သည် ဆေးရုံတက်ရောက်ကုသသည့် အတည်ပြုလူနာသစ်စာရင်းကို မသိရတော့ပေ။

တရုတ်နိုင်ငံတွင် ပြီးခဲ့သည့် သီတင်း ၂ ပတ်အတွင်း ကိုဗစ်နှင့်ဆက်စပ်သော သေဆုံးမှုများ နည်းပါးကြောင်း တရားဝင်ထုတ်ပြန်ခဲ့သော်လည်းမီးသင်္ဂြိုဟ်မှုများမြင့်တက်လာခြင်းက အမှန်တကယ်သေဆုံးမှုအရေအတွက် ပိုမိုများပြားလာသည့်သက်သေအဖြစ် ကောက်ချက်ချနိုင်ပေသည်။

ဗြိတိန်အခြေစိုက် ကျန်းမာရေးဆိုင်ရာအချက်အလက်ကုမ္ပဏီ Airfinityက တရုတ်နိုင်ငံတွင် တစ်နေ့လျှင် ကိုဗစ်ကူးစက်သူ ၁ သန်းကျော်နှင့် သေဆုံးသူ ၅၀၀၀ ခန့်ရှိနေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly