အာဆီယံခေါင်းဆောင်များ အကျပ်ရိုက်နေချိန်တွင် တရုတ်က မြန်မာ့အကျပ်အတည်းကို အမှန်တကယ် စိုးရိမ်ပူပန် သလား

အာဆီယံခေါင်းဆောင်များ အကျပ်ရိုက်နေချိန်တွင် တရုတ်က မြန်မာ့အကျပ်အတည်းကို အမှန်တကယ် စိုးရိမ်ပူပန် သလား

အရှေ့တောင်အာရှနိုင်ငံများအသင်း ခေါ် အာဆီယံအတွက် ခေါင်းခဲစရာဖြစ်လာသည့် မြန်မာနိုင်ငံတွင်ဖြစ်ပျက်နေသော အခြေအနေများနှင့် ပတ်သက်၍ တရုတ်နိုင်ငံက အမှန်တကယ် စိုးရိမ်ပူပန်ခြင်းမရှိပေ။ အာဆီယံအတွက် အရေးပါသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်၏မြန်မာနိုင်ငံအပေါ် အဓိကစိတ်ဝင်စားမှုမှာ မဟာဗျူဟာနှင့် စီးပွားရေးဖြစ် သောကြောင့် အခြေအနေမှန်ကို လျစ်လျူရှုပြီး စီးပွားရေးကိုသာ အလေးထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်သည် စစ်တပ်အုပ်ချုပ်နေသည့် မြန်မာနိုင်ငံသို့ တရုတ်အကျိုးစီးပွားများကို မြှင့်တင်ရန် ရောက်ရှိလာခဲ့သည်။ချန်ဟိုင်သည် နိုဝင်ဘာလ နောက်ဆုံးပတ်တွင် စစ်ကောင်စီက ခန့်အပ်ထားသော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နှင့် တွေ့ဆုံခဲ့ကာ မြန်မာနိုင်ငံရှိ တရုတ်ကျောထောက်နောက်ခံပြု စီမံကိန်းများ အကောင်အထည်ဖော်ရေး အရှိန်မြှင့်ရန် တောင်းဆိုခဲ့သလို နိုင်ငံတကာနယ်ပယ် အထူးသဖြင့် ကုလသမဂ္ဂနှင့် ဒေသတွင်းအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟု ကတိပြုခဲ့သည်။ ချန်ဟိုင်သည် စစ်ကောင်စီ ပြည်ထောင်စုအစိုးရဝန်ကြီးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့နှင့် တွေ့ဆုံပြီး မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်အစိုးရကိုယ်စား အလှူငွေ ပေးအပ်ခဲ့သည်။

သံအမတ်ကြီးနှင့်တွေ့ဆုံပြီးနောက် တရုတ်သံရုံးမှ အကြီးတန်းအရာရှိများသည် စစ်ကောင်စီထိပ်ပိုင်းအရာရှိများ နိုင်ငံရေးပါတီများနှင့် စတင်တွေ့ဆုံခဲ့သည်။ တရုတ်သံရုံးမှ နိုင်ငံရေးကောင်စစ်ဝန် လျင်ထောင်သည် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီနှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့သည်။ လျင်ထောင်က ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ (CPC) ကွန်ဂရက်၏ ရလဒ်ကို တင်ပြခဲ့ပြီး CPC နှင့် USDP အကြား ဆက်လက်ထိတွေ့ဆက်ဆံရန်တောင်းဆိုခဲ့သည့်အတွက် အဆိုပါတွေ့ဆုံမှုသည် ထူးခြားသည်ဟု ဆိုရမည်။ ဆွေးနွေးပွဲတွင် နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှုအကြောင်း အလေးထားဆွေးနွေးခဲ့သည်။

စစ်ကောင်စီက လာမည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပရန်စီစဉ်နေမှုအပေါ် အငြင်းပွားမှုများ ပြင်းထန်နေချိန်တွင် USDP ရုံးသို့ လျင်ထောင်လာရောက်မှုသည် နိုင်ငံရေးနှင့်သံတမန်အသိုင်းအဝိုင်းအကြား အံ့အားသင့်စရာဖြစ်စေသည်။ နေပြည်တော်ရှိ USDP ရုံးချုပ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးကတည်းက တရုတ်ဧည့်သည်များကို လက်ခံတွေ့ဆုံခြင်း မရှိခဲ့ပေ။ တရုတ်သံအမတ်ကြီး ချန်ဟိုင်သည် ဧပြီလက စစ်ကောင်စီ ခန့်အပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးထံ လာရောက်တွေ့ဆုံပြီး ရွေးကောက်ပွဲကျင်းပမည့် အစီအစဉ်နှင့် ပတ်သက်၍ မေးမြန်းခဲ့သေးသည်။

တရုတ်နိုင်ငံရေးကောင်စစ်ဝန် လျင်ထောင်က အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်၏ ရလဒ်ကို တင်ပြပြီး CPC နှင့် USDP အကြား ဆက်လက်ထိတွေ့ဆက်ဆံရန် တောင်းဆိုခဲ့ကြောင်း ဦးခင်ရီက ဖေ့စ်ဘွတ်တွင် ရေးသားခဲ့သည်။အဆိုပါ တွေ့ဆုံပွဲသို့ USDP ပါတီမှ အကြီးတန်းအဖွဲ့ဝင်များလည်း တက်ရောက်ခဲ့သည်။ တရုတ်သံရုံးမှ သံတမန် ကျန်းကျိဟောင်သည်လည်း ရှမ်းပြည်နယ် ပင်းတယတွင် သဘာဝဘေးအန္တရာယ်အသိပညာပေးစင်တာနှင့်

သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးကိရိယာသိုလှောင်ရုံကို ဖွင့်လှစ်ပေးခဲ့သည်။ အဆိုပါစင်တာသည် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် တည်ထောင်ခြင်းဖြစ်သည်။ ထို့ပြင် မန္တလေးအခြေစိုက် ကောင်စစ်ဝန်ချုပ် ချန်းချန်းက ပုဂံရှိ ရွှေစည်းခုံဘုရားတွင် တရုတ်နိုင်ငံ၏ ပထမဆုံးသော ဝန်ကြီးချုပ် ချူအင်လိုင်း အမည်မှည့်ထားသည့် တန်ဆောင်းတွင် LED ဖန်သားပြင်ဆိုင်းဘုတ်ကို လှူဒါန်းခဲ့သည်။ အဆိုပါ တန်ဆောင်းသည် ၁၉၆၁ ခုနှစ်က ချူအင်လိုင်း ပုဂံသို့ လာရောက်စဉ်တည်ဆောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

တရုတ်သည် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုက်ရိုက် ထိတွေ့ဆက်ဆံခြင်း မရှိသော်လည်း မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများဆက်လုပ်ရင်း နိုင်ငံတကာဖိုရမ်များတွင် စစ်ကောင်စီအား သံတမန်ရေးရာအကူအညီများ ဆောင်ရွက်ပေးလျက်ရှိကြောင်း မီဒီယာများက ဖော်ပြကြသည်။တရုတ်နိုင်ငံသည် လွန်ခဲ့သည့်ဆယ်စုနှစ်တွင် ဒေါ်လာဘီလီယံပေါင်းများစွာတန်သော အခြေခံအဆောက်အအုံစီမံကိန်းဖြစ်သည့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံဆိုင်ရာ သဘောတူညီချက်များ အပြီးသတ်ရန် ကြိုးပမ်းလာသည်။

တရုတ်သည် စစ်ကောင်စီကို တရားဝင်အသိအမှတ်ပြုပြီး မြန်မာနိုင်ငံအစိုးရဟု ခေါ်ဝေါ်ခဲ့သည်။ တရုတ်သည် မြန်မာနိုင်ငံစစ်အာဏာရှင် အဆက်ဆက်၏ မိတ်ဆွေကောင်းတစ်ဦးဖြစ်ပြီး မင်းအောင်လှိုင်စစ်အုပ်စုအတွက်လည်း အလားတူဖြစ်သည်။ တခြားသော အာဆီယံခေါင်းဆောင်များသည် တရုတ်နိုင်ငံနှင့်မတူဘဲ မြန်မာစစ်အုပ်စုအပေါ် နှစ်သက်မှုမရှိပေ။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ခြင်းသည် အာဆီယံနှင့် မြန်မာစစ်ကောင်စီ အကြားကြီးထွားလာသော တင်းမာမှုများကို ပြသနေသည်။

မြန်မာနိုင်ငံတွင် ယမန်နှစ်ကစစ်တပ်အာဏာသိမ်းပြီးနောက် ကြုံတွေ့နေရသော လူမှုရေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဖြေရှင်းရန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းကိုအာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ခဲ့သည်။ကမ္ဘောဒီးယားသည် လက်ရှိတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌရာထူးကို ရယူထားသော်လည်း မကြာမီ အင်ဒိုနီးရှားသို့ လွှဲပြောင်းပေးရတော့မည်ဖြစ်သည်။ အာဏာသိမ်းပြီးကတည်းက ပစ်ခတ်တိုက်ခိုက်မှုများတွင် လူထောင်နှင့်ချီ သေဆုံးမှုများ ဖြစ်စေခဲ့သည့် အရှိန်မြင့်လာသော သတ်ဖြတ်မှုများကို နှိမ်နင်းရန် ရည်ရွယ်သော ငြိမ်းချမ်းရေးစီမံချက်ကို အကောင်အထည်ဖော်ရန်အာဆီယံခေါင်းဆောင်များကစစ်ကောင်စီကို တောင်းဆိုခဲ့သည်။

ဖနွမ်းပင်တွင် နိုဝင်ဘာလက ကျင်းပသည့် တရုတ်ဝန်ကြီးချုပ် လီခေ့ချန်တက်ရောက်သော အာဆီယံထိပ်သီးအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ခွင့်မရခဲ့ပေ။ အာဆီယံ၏ အကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် တရုတ်နိုင်ငံသည် စစ်ကောင်စီနှင့် သမိုင်းကြောင်းအရ ကောင်းမွန်သော ဆက်ဆံရေးရှိခဲ့သော်လည်း နိုင်ငံတွင်း လက်ရှိဖြစ်ပွားနေသည့် မငြိမ်မသက်မှုများအပေါ် စိတ်မသက်မသာဖြစ်ကြောင်း ပြောကြားထားသည်။

စစ်ခေါင်းဆောင်များကိုအာဆီယံအစည်းအဝေးများတက်ရောက်ခြင်းအား ထပ်မံတားမြစ်မှုအအပါအဝင် ဆိုးရွားသောအကျိုးဆက်များကို အရေးယူရန် သို့မဟုတ်ရင်ဆိုင်ရန် စစ်အုပ်စုအားသတိပေးလျက် အချက် ၁၅ ချက်ပါ ဆုံးဖြတ်ချက်ကို အာဆီယံခေါင်းဆောင်များက အစည်းအဝေးတွင် သဘောတူခဲ့ကြသည်။အာဆီယံနိုင်ငံများအနက် အင်ဒိုနီးရှားသည် မလေးရှားနှင့်စင်ကာပူတို့နှင့်အတူ စစ်ကောင်စီကို ပြင်းထန်စွာ အရေးယူရန် အဓိကအသံပြုသည့် နိုင်ငံ

တစ်နိုင်ငံဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာသည် မြန်မာနိုင်ငံရှိ အတိုက်အခံအဖွဲ့များနှင့် အဆက်အသွယ်လုပ်ရန်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံရန်ပင် အာဆီယံကို အကြံပြုခဲ့သည်။

NUG နောက်ခံ

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် ဒေါ်အောင်ဆန်းစုကြည်ပါတီမှ လွှတ်တော်အမတ်ဟောင်းအများအပြားပါသော မြန်မာ့တရားဝင်အစိုးရအဖြစ် ကြေညာထားသည့် စင်ပြိုင်အဖွဲ့အစည်းဖြစ်သည်။ စစ်ကောင်စီက NUG ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး အဖွဲ့နှင့်ထိတွေ့ဆက်ဆံခြင်းသည် အာဆီယံအတွက် အရေးပါသော ခြေလှမ်းဖြစ်လာနိုင်သည်။

သို့သော်စစ်အာဏာရှင်ကို ထောက်ခံသည့် တရုတ်နိုင်ငံနှင့် အာဆီယံအကြား ကွဲပြားမှုအပေါ် နက်ရှိုင်းစွာ စိုးရိမ်ကြောင်း နိုင်ငံခြားရေး ကျွမ်းကျင်သူများက ထုတ်ဖော်ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required