“တရုတ်-မြန်မာ ဆက်ဆံရေး ဘာဖြစ်လာနိုင်သလဲ။”

“တရုတ်-မြန်မာ ဆက်ဆံရေး ဘာဖြစ်လာနိုင်သလဲ။”

တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရဖွဲ့သစ် တာဝန်လွဲှပြောင်းရယူဖို့ ရက်ပိုင်းလောက်ပဲ လိုတော့တဲ့အချိန် အိမ်နီးချင်း တရုတ်နိုင်ငံက တာဝန်ရှိ သူတွေ မြန်မာပြည်အကြောင်း ပြောဆိုလာကြပါတယ်။ မတ်လ ၃ ရက်နေ့က ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ် State Power Investment Corporation SPIC ရဲ့ နိုင်ငံတကာ စီးပွားရေး ဌာန ညွှန်ကြားရေးမှူးချုပ် လျူဇန် ဟာ ပီကင်းမြို့ကို အလည်အပတ် ရောက်နေတဲ့ မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပြီး မြစ်ဆုံနဲ့ မေခ မလိခ မြစ်နှစ်သွယ်ပေါ်က ရေကာတာ စီမံကိန်းတွေ အကြောင်း ပြောပါတယ်။ မတ်လ ၄ ရက်နေ့ ရန်ကုန်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီးက သတင်းမီဒီယာတွေနဲ့ တွေ့ဆုံတော့လည်း အဲဒီ အကြောင်း ထည့်ပြောပါတယ်။

အလားတူ ကျင်းပနေဆဲ တရုတ်ကွန်မြူနစ်ပါတီ အစည်းအဝေးကာလအတွင်း ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံအကြောင်း ပြောကြားရာမှာလည်း မြစ်ဆုံ ကိစ္စနဲ့ အခြားအရေးအရာတွေကို ထည့်သွင်းပြောဆိုသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့သစ် တက်လာချိန် တရုတ်မြန်မာ ဆက်ဆံရေး ဘယ်လို ဖြစ်လာနိုင်သလဲ ဆိုတာ လေ့လာ စူးစမ်းကြည့်ကြရအောင်ပါ။

မြန်မာထဲ တရုတ် အကျိုးစီးပွား ဘယ်လောက် ရှိသလဲ။

အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာ မိသားစုရဲ့ အရေးယူ ဒါဏ်ခတ် ပိတ်ဆို့ခြင်းခံခဲ့ရတဲ့ အရင် စစ်အစိုးရဟာ တရုတ်နိုင်ငံနဲ့ နီးနီးကပ်ကပ် ဆက်ဆံခဲ့ပါတယ်။ ဒီ ဆက်ဆံရေးကနေ တဆင့် တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာထဲ အများအပြား ရောက်လာသလို၊ ကုန်သွယ်စီးပွားရေး ပမာဏ ကလည်း တစ်နှစ်ထက် တစ်နှစ် တိုးတက်များပြားလာပါတယ်။ အဲဒီထဲမှာ တရုတ်ဆီက စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတာ အပြင် သစ်နဲ့ ကျောက်မျက် တရားမဝင် ကုန်သွယ်တာတွေလည်း ပါဝင်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံထဲက တရုတ် ရင်းနှီးမြှုပ်နှံမှုကို ကြည့်ရင် မြစ်ဆုံရေကာတာ စီမံကိန်း၊ လက်ပန်းတောင်းတောင် ကြေးနီ ထုတ်လုပ်ရေး စီမံကိန်း၊ ကျောက်ဖြူ အထူးစီးပွားရေး ဇုံနဲ့ မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းတွေဟာ ကြီးကျယ်ပါတယ်။

မေခ၊ မလိခ နဲ့ ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်မယ့် ရေကာတာ (၇) ခုဟာ ဆိုရင် တရုတ် အစိုးရပိုင် SPIC ရဲ့ နိုင်ငံတကာမှာ အကောင်အထည် ဖော်နေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေထဲမှာ ဒုတိယ အကြီးဆုံး စီမံကိန်းကြီးဖြစ်ပါတယ်။ အရင် စစ်အစိုးရနဲ့ လက်မှတ်တွေ ကျကျနနထိုး၊ စီမံကိန်းစလို့ ဒေါ်လာ သန်း ၈၀၀ လောက် ကုန်တော့မှ သမ္မတ ဦးသိန်းစိန် အစိုးရက ယာယီ ရပ်ဆိုင်းပါဆိုလို့ ရပ်ဆိုင်းထားလိုက်ရတာ ဖြစ်ပါတယ်။ လက်ရှိ တရုတ် နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာ သံအမတ်၊ SPIC ရဲ့ ညွှန်ကြားရေးမှူးချုပ် သုံးယောက်စလုံးရဲ့ ပြောဆိုချက်ကို ကြည့်ရင် လာမယ့်အချိန် အစိုးရသစ်နဲ့ ပြန်လည် ညှိနှိုင်းပြီး မြစ်ဆုံစီမံကိန်းကို ပြန်စလိုတယ်ဆိုတာ သိကြရပါတယ်။ သူတို့အနေနဲ့ ဒီစီမံကိန်း လုံး၀ ရပ်ဆိုင်းခံရပြီး လျော်ကြေးကိစ္စ စကားပြောရမယ့် အဖြစ်မျိုး မရောက်လိုကြဘူးဆိုတာကတော့ သေခြာပါတယ်။ ဒါကြောင့်လည်း အစိုးရအဖွဲ့သစ် တက်လာပြီးနောက် မေလ လောက်မှာ တရုတ် SPIC အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ ခွင့်တောင်းထားတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ မြန်မာနိုင်ငံတွင်း ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံဖို့ ကြံရွယ်ထားတဲ့ စီမံကိန်းကြီးတစ်ခုကတော့ ကျောက်ဖြူ အထူးစီးပွားရေးဇုံနဲ့ မဒေးကျွန်း ရေနက်ဆိပ်ကမ်း စီမံကိန်းပဲ ဖြစ်ပါတယ်။ တကယ်တော့ ဒီ စီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ သမုဒ္ဒယာ နှစ်စင်း ပေါ်လစီကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း အထူးသဖြင့် ယူနန်ပြည်နယ်နဲ့ ပြည်နယ် တစ်ချို့အတွက် အနောက်တောင်ဘက် မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်းကနေ တဆင့် အိန္ဒိယ သမုဒ္ဒယာကို အသုံးပြုဖို့ ဖြစ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ် ကျောက်ဖြူနဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ခွင်းမင် အထိ ဆက်သွယ်ထားတဲ့ သဘာ၀ ဓာတ်ငွေ့ ပိုက်လိုင်းနဲ့ ရေနံပိုက်လိုင်း တည်ဆောက်ပြီး လည်ပတ်နေပါပြီ။ နောက်ပိုင်း အဲဒီ ပိုက်လိုင်းနဲ့အပြိုင် ကားလမ်း၊ ရထားလမ်း ပါဝင်တဲ့ ဘက်စုံလမ်းမကြီး ဖေါက်လုပ်ပြီး ရခိုင်ပြည်နယ်က ရေနက်ဆိပ်ကမ်းကို အသုံးပြု၊ အိန္ဒိယ သမုဒ္ဒယာကနေ တဆင့် ကုန်သွယ်ကူးသန်းမှုတွေ လုပ်လိုတာပါ။ ဒါဟာလည်း အလွန်ကြီးမားတဲ့ စီမံကိန်းကြီး ဖြစ်ပါတယ်။ အခြား ကုန်သွယ်ရေး လုပ်ငန်းတွေရဲ့ ပမာဏကလည်း မသေးပါဘူး။

မြန်မာကရော တရုတ်ဆီက ဘာတွေ မျှော်လင့်နိုင်မလဲ။

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ပြသနာ ရင်ဆိုင်နေရဆဲ ဖြစ်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်သေးတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အခြေစိုက်ရာ နေရာဟာ တရုတ်နယ်စပ်တွေမှာ ဖြစ်နေပါတယ်။ ဒါ့အပြင် အလွန်အရေးကြီးတဲ့ အချက်က တိုင်းရင်းသား လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဝနယ်နဲ့ မိုင်းလားနယ်ဟာ မြန်မာ့အချုပ်အခြာ ဆုံးရှုံးနေရတဲ့ နယ်မြေတွေ သဖွယ် ဖြစ်နေခြင်းပါ။ တရုတ်နဲ့ ပတ်သက်ရင် မြန်မာ့အချုပ်အခြာ ပြန်လည် ရယူလိုခြင်း၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရာမှာ တရုတ်အစိုးရရဲ့ အကူအညီ ရယူလိုခြင်းဟာ အဓိက ဖြစ်နိုင်ပါတယ်။ ဒုတိယ ကတော့ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ သစ်နဲ့ ကျောက်မျက်တွေ တရားမဝင် ကုန်သွယ်မှုလို မှောင်ခို လုပ်ငန်းတွေကို ရပ်ဆိုင်းစေလိုခြင်းပါ။ တရုတ်ကုန်သည်တွေကြောင့် မြန်မာ့သစ်တောတွေ ပြုန်းတီးပြီး သဘာ၀ ပတ်ဝန်းကျင် ထိခိုက်သည်အထိ ဖြစ်လာနေတာ တကမ္ဘာလုံး အသိဖြစ်ပါတယ်။ ဒါတွေကို တရုတ် အစိုးရဘက်က ကူညီစေလိုတာ ဖြစ်ပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly