တရုတ်က ပါကစ္စတန်ကို ငွေကြေးအကူအညီကမ်းလှမ်းသော်လည်း သီရိလင်္ကာ၏ ချေးငွေပြန်ဆပ်မှု ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ငြင်းဆို

တရုတ်က ပါကစ္စတန်ကို ငွေကြေးအကူအညီကမ်းလှမ်းသော်လည်း သီရိလင်္ကာ၏ ချေးငွေပြန်ဆပ်မှု ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကို ငြင်းဆို

သီရိလင်္ကာနှင့် ပါကစ္စတန် နှစ်နိုင်ငံစလုံးသည် တရုတ်ကြွေးမြီထောင်ချောက်အောက်ကျရောက်နေသော်လည်း တရုတ်က ပါကစ္စတန်ကို ငွေကြေးအကူအညီပေးရန် ကမ်းလှမ်းထားပြီး သီရိလင်္ကာ၏ ချေးငွေပြန်ဆပ်မှု ရွှေ့ဆိုင်းပေးရေးကို ငြင်းဆိုလိုက်သည်။ ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ဇ်ရှာရစ်ဖ်က တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင် ကျေနပ်အောင် ကြိုးစားခဲ့ပြီးနောက် တရုတ်က ပါကစ္စတန်ကို ငွေကြေးအကူအညီ ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး သီရိလင်္ကာက ထိုသို့ မလု်ပဆောင်ခဲ့ပေ။

သီရိလင်္ကာသည် နိုင်ငံ၏ပြည်ပကြွေးမြီစုစုပေါင်း၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည့် တရုတ်ကြွေးမြီ ပြန်လည် ပြင်ဆင်သတ်မှတ်ရေးနှင့် ငွေကြေးအကူအညီအတွက် တရုတ်ကို အစောပိုင်းက တောင်းဆိုခဲ့သည်ဟု True Ceylon Newsက ဖော်ပြခဲ့သည်။

သီရိလင်္ကာ၏ ကြွေးမြီဆိုင်းငံ့ရေးတစ်ဖက်သတ်ကြေညာချက်မှဖြစ်လာသော ဆိုးရွားသောစိန်ခေါ်မှုများနှင့် ရှုပ်ထွေးမှုများကြောင့် တရုတ်သည် သီရိလင်္ကာ၏တောင်းဆိုမှုကို လုပ်ဆောင်ရန် အခက်အခဲဖြစ်နေကြောင်း ပြောခဲ့သည်ဟု ဆိုသည်။ သီရိလင်္ကာဆိုင်ရာ တရုတ်သံအမတ်ကြီး ချိကျန်းဟောင်က “သီရိလင်္ကာ ကြွေးမြီဆပ်ဖို့ မပျက်ကွက်နိုင်အောင် ကူညီဖို့ တရုတ်က အကောင်းဆုံးလုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့က နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) နဲ့သွားတွေ့ပြီး ကြွေးမြီပြန်မဆပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ကြွေးမြီပြင်ဆင်သတ်မှတ်ရေးဟာ အနာဂတ်မှာ နှစ်နိုင်ငံရဲ့ ချေးငွေကိစ္စတွေအပေါ် သေချာပေါက်သက်ရောက်မှုတွေ ရှိလာလိမ့်မယ်” ဟု ဆိုသည်။

သီရိလင်္ကာ၏ ပြည်ပချေးငွေစုစုပေါင်း ၄၁ ဘီလီယံ၏ ၂၂ ရာခိုင်နှုန်းခန့်မှာ တရုတ်ဆီမှ နှစ်နိုင်ငံသဘောတူညီချက်အရနှင့် စီးပွားရေးအရ ယူထားခြင်းဖြစ်သည်။

IMF၏ ချေးငွေထုတ်ပေးမည့်အချိန်သည် နှစ်နိုင်ငံအစိုးရနှင့် စီးပွားရေးလုပ်ငန်းကြွေးမြီများအပေါ် ပြင်ဆင်သတ်မှတ်သည့် တရုတ်၏ဆုံးဖြတ်ချက်အပေါ် အဓိကအားဖြင့် မူတည်လိမ့်မည်ဖြစ်ကြောင်း သီရိလင်္ကာအစိုးရအရာရှိများက ပြောသည်။

ခါးပတ်လမ်းရပ်ဝန်းစီမံကိန်းများ (BRI) သည် လက်ခံနိုင်ငံများအတွက် စီးပွားရေးနာလန်ထူစေလိုသည့် စစ်မှန်သော ရည်ရွယ်ချက်မဟုတ်ဘဲ တရုတ်၏ ဗျူဟာမြောက်အကျိုးစီးပွားများကို မြှင့်တင်ပေးရန် ဖြစ်သောကြောင့် တရုတ်က ချေးငွေ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကို ပါကစ္စတန်အား ရက်ရက်ရောရောကမ်းလှမ်းခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly