ကျောင်းသားများ ၏ ထုတ်ပြန်ချက် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထောက်ခံ

ကျောင်းသားများ ၏ ထုတ်ပြန်ချက် အရပ်ဖက်လူမှုအဖွဲ့အစည်းများက ထောက်ခံ
ဓာတ်ပုံ-ဖြိုးသီဟ

ရန်ကုန်၊ မတ် ၉ ။            ။ ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းမှ တရားရင်ဆိုင်နေရသည့် ကျောင်းသားများက မမျှတသောတရားရေးစနစ်ကြောင့် ဆက်လက်၍ တရားရင်ဆိုင်မည် မဟုတ်ကြောင်းထုတ်ပြန်သည့် အပေါ် ထောက်ခံကြောင်း အရပ်ဖက်လူ့အဖွဲ့အစည်းများဖိုရမ်မှ ညှိနှိုင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ဝင် မသိန္နီဦးက ပြောကြားလိုက်သည်။

အဖမ်းဆီးခံကျောင်းသားများအမှုအတွက် တရားလိုပြသက်သေ ၄၉ဦးတင်ပြထားသော်လည်း လက်ရှိတစ်နှစ်ပြည့်ပြီးအချိန်တွင် ၃ယောက်သာ စစ်ဆေးရသေးကြောင်း တရားစီရင်ရေးစနစ်မှာ ပွင့်လင်းမြင်သာမှုမရှိသည့် အတွက် လာမည့် မတ် ၁၅ရက်နေ့တွင် စစ်မည့် ၄၈ကြိမ်မြောက်ရုံးချိန်းမှစ၍  ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများက တရားရင်ဆိုင်တော့မည်မဟုတ်ကြောင်း မတ် ၈ရက်နေ့က ထုတ်ပြန်ထားသည်။

ကျောင်းသားများကို ဖမ်းဆီးပြီးနောက် တရားစွဲဆိုသည့် အခါတွင် ဥပဒေအရ အံဝင်ခွင်ကျမဖြစ်သော ပုဒ်မများ၊ ရုံးချိန်အများကြီးခေါ်ကာ အချိန်ဆွဲပြီး စစ်ဆေးနေခြင်းသည်  လုပ်ရိုးလုပ်ထုံးများကို   ဖောက်ဖျက်နေသလို ရဲလက်စွဲတွေဥပဒေများကိုလဲ ချိုးဖောက်နေခြင်း ဖြစ်သောကြောင့် ကျောင်းသားများ၏ အခြေခံကျသော လူ့အခွင့်ရေးကိုလေးစားခြင်းအားဖြင့်  ထောက်ခံခြင်းဖြစ်ကြောင်း မသိန္နီဦးက ပြောသည်။

အမျိုးသားပညာရေးဥပဒေအား ပြင်ဆင်ပြောင်းလဲရန်အတွက် ဒီမိုကရေစီပညာရေးသပိတ် ကျောင်းသားများက မန္တလေးမြို့မှရန်ကုန်ထိ ငြိမ်းချမ်းစွာစီတန်းလှည့်လည်ဆန္ဒပြခဲ့ကြရာ လက်ပံတန်းအရောက် တွင် ရဲတပ်ဖွဲ့၏ အကြမ်းဖက်နှိမ်နင်းခြင်းကို ခံခဲ့ကြရပြီး ဝန်းရံပြည်သူအပါအဝင် ကျောင်းသားပေါင်း၁၀၀ကျော် ဖမ်းဆီးခြင်းခံခဲ့ရကာ ယခုအချိန်တွင် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

 "ကျောင်းသားတွေအနေနဲ့ တရားဆက်လက်ရင်မဆိုင်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာဟာ လက်ရှိမြန်မာနိုင်ငံရဲ့ယိုယွင်းနေတဲ့ တရားစီရင်ရေးစနစ်နှင့် မျှတမှုမရှိတဲ့ ဥပဒေတွေနဲ့ပိတ်မိနေခြင်းအပေါ် ကန့်ကွက်မှုတွေ အများကြီး ပြုလုပ်သင့်ပြီဆိုတာ ပြသလိုက်တာဖြစ်တယ်"ဟု ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ မှ ပညာရေးလုပ်ရှားမှုအမှုဆောင်ကော်မတီဝင် ကိုအောင်နေပိုင်က ပြောသည်။

ကျောင်းသားများ တရားရင်မဆိုင်သည့် ထုတ်ပြန်ချက်အပေါ် ထောက်ခံသော အရပ်ဖက်အဖွဲ့အစည်းများတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကွန်ယက်၂၆ဖွဲ့နှင့် အဖွဲ့အစည်းပေါင်း၅၀၀ကျော် ပါဝင်ကြောင်းသိရသည်။

 ယင်းအရပ်ဖက်အဖွဲ့အစည်းမှ ဖမ်းဆီးခံကျောင်းသားများနဲ့ ဝန်းရံပြည်သူများရင်ဆိုင်နေရသော တရားစီရင်ရေးများအကြောင်း တင်ပြထားသော သုတေသနတစ်စောင် မကြာမီ ထုတ်ပြန်သွား ရန်ရှိကြောင်း မသိန္နီဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly