၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆော့ဘေရဲ့ 'အခွင့်မရှိ ဝင်ရောက်ခွင့်'ကို ဖီဖာ စုံစမ်းစစ်ဆေးနေ

၂၀၂၂ ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး ဆော့ဘေရဲ့ 'အခွင့်မရှိ ဝင်ရောက်ခွင့်'ကို ဖီဖာ စုံစမ်းစစ်ဆေးနေ

ဆယ်လီ စားဖိုမှူး ဆော့ဘေ (Salt Bae)နဲ့ တခြားလူအများအပြားဟာ ကာတာကမ္ဘာ့ဖလားဗိုလ်လုပွဲပြီးဆုံးချိန်မှာ ကွင်းအတွင်းကို "ဝင်ရောက်ခွင့်မရှိဘဲ" ဘယ်လိုရရှိခဲ့သလဲဆိုတာကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က စုံစမ်းစစ်ဆေးနေပါတယ်။

Nusret Gokce လို့ နာမည်ရင်းရှိတဲ့ တူရကီစားဖိုမှူး ဆော့ဘေဟာ ပြင်သစ်ကို အနိုင်ရပြီးနောက် အာဂျင်တီးနားကစားသမားတွေနဲ့ အောင်ပွဲခံနေစဉ် ကမ္ဘာ့ဖလားဆုဖလားကို ကိုင်ဆောင်နမ်းရှုံ့နေတဲ့ ဓာတ်ပုံကို မြင်တွေ့ခဲ့ရတာပါ။

ဖီဖာစည်းမျဉ်းအရ ဆုဖလားကို ပြိုင်ပွဲအနိုင်ရသူတွေ၊ ဖီဖာတာဝန်ရှိသူတွေနဲ့ နိုင်ငံ့အကြီးအကဲတွေအပါအဝင် "အထူးရွေးချယ်ထားတဲ့" လူတစ်စုကသာ ထိကိုင်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

ဖီဖာမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ပြန်လည် သုံးသပ်ပြီးနောက်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့က Lusail အားကစားကွင်းမှာ ပိတ်ပွဲအခမ်းအနားအပြီး ခွင့်ပြုချက်မရှိဘဲ ဘယ်လိုဝင်ရောက်ခဲ့ကြသလဲဆိုတာကို ဖီဖာက စုံစမ်းစစ်ဆေးနေပါပြီ။

"အဖွဲ့အစည်းအတွင်း ထိုက်သင့်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်သွားမှာပါ။"

၃၉ နှစ်အရွယ် ဆော့ဘေဟာ ကမ္ဘာတဝှမ်း ဇိမ်ခံစားသောက်ဆိုင်များစွာ ပိုင်ဆိုင်သူဖြစ်ပြီး အသားဟင်းလျာပြင်ဆင်ပုံနဲ့ ဆားဖြူးပုံ ဟန်ပန်တွေကြောင့် ဆိုရှယ်မီဒီယာသုံးစွဲသူတွေကြားမှာ Meme ဖြစ်လာခဲ့ပြီးနောက် ၂၀၁၇ မှာ လူသိများကျော်ကြားလာခဲ့ပါတယ်။

မက်ဆီ၊ ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ဒေးဗစ်ဘက်ခမ်းတို့အပါအဝင် လက်ရှိနဲ့ ယခင်ဘောလုံးသမား အများအပြားဟာ ဆော့ဘေရဲ့ စားသောက်ဆိုင်တွေမှာ လာရောက်စားသောက်လေ့ရှိကြပါတယ်။

ဆော့ဘေဟာ နိုဝင်ဘာလက ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုကို ပွေ့ဖက်ထားတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပြီး နောက်ပိုင်းမှာ သူဟာ ဘရာဇီးလ်*န္ထဝင်တွေဖြစ်တဲ့ ရော်နယ်လ်ဒို၊ ရောဘတ်တို ကားလို့စ်၊ ကာဖူတို့နဲ့အတူ ပွဲတစ်ပွဲမှာ VIP ထိုင်ခုံမှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။

အာဂျင်တီးနား အနိုင်ရပြီးနောက် စားဖိုမှူးက အာရုံစိုက်ခံဖို့ ကြိုးပမ်းနေစဉ် မက်ဆီဟာ ဆော့ဘေကို အောင်ပွဲခံမြင်ကွင်းကြားမှာ လျစ်လျူရှုထားဟန်တူပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly