စည်သူအောင်၏ ဖြစ်ရပ်အပေါ် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်း ညှိနှိုင်းပေးမည်

စည်သူအောင်၏ ဖြစ်ရပ်အပေါ် ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာစိုင်း ညှိနှိုင်းပေးမည်
ရတနာပုံကွင်းလယ်ကစားသမား စည်သူအောင်။ (ဓာတ်ပုံ- ရွှေဘုတ်)

မတ် ၉ ၊ ရန်ကုန်။            ။ ရတနာပုံအသင်း၏ ကွင်းလယ်လူစည်သူအောင်သည် ပြီးခဲ့သည့် လိဂ်ပွဲစဉ် (၉) ရတနာပုံအသင်းနှင့် မကွေးအသင်းတို့ ပွဲ မတိုင်ခင် လေ့ကျင့်ရေးကွင်းတွင် နည်းပြချုပ်ရီနီနှင့် စကားအချေအတင်ဖြစ်ကာ အသင်းမှ ပြန်လည်စေလွှတ်ခဲ့ရခြင်းအား အသင်းပိုင်ရှင် ဒေါက်တာစိုင်းက ဝင်ရောက်ညှိနှိုင်းပေးမည် ဖြစ်သည်။ အဆိုပါဖြစ်ရပ်ကြောင့် စည်သူအောင်သည် လက်ရှိတွင် ရတနာပုံအသင်းတွင် လာရောက်လေ့ကျင့်ခွင့်မရရှိပဲ မကွေးအသင်းနှင့်ပွဲ၌လည်း ပါဝင်ကစားခွင့် ရရှိခြင်း မရရှိပေ။

“ ပြီးခဲ့တဲ့ မကွေးနဲ့ ပွဲမတိုင်ခင်မှာတုန်းက လေ့ကျင့်ရေးကွင်းမှာ နည်းပြနဲ့ အဆင်မပြေဖြစ်ပြီး အသင်းက ပြန်လည်စေလွှတ်ခံခဲ့ရတာပါ။ လာမယ့် သောကြာနေ့မှာတော့ အသင်းပိုင်ရှင်ဒေါက်တာစိုင်းက ခေါ်ထားပါတယ်။ အသင်းပိုင်ရှင်နဲ့ ညှိနှိုင်းပြီးမှပဲ ကျန်တဲ့ကိစ္စတွေ ကျွန်တော့်ဘက်က ပြောပါရစေ ” ဟု ရတနာပုံကွင်းလယ်လူ စည်သူအောင်က ပြောသည်။

စည်သူအောင်သည် ပြီးခဲ့သည့်နှစ်တွင်လည်း ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်သည့် လက်ရွေးစင်အသင်း လေ့ကျင့်ရေး အစီအစဉ်ပျက်ကွက်မှုဖြင့် ပြစ်ဒဏ်ကျခံခဲ့ရပြီး ယခုနှစ် ၂၀၁၆ ဘောလုံးရာသီ ရတနာပုံအသင်း၏ ရာသီအစ လိဂ်ပွဲစဉ် ၆ ပွဲအား လွဲချော်ခဲ့သည်။

“ စည်သူအောင်ရဲ့ကိစ္စနဲ့ ပတ်သက်ပြီး အသင်းပိုင်ရှင်ရဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ဆက်လုပ်သွားမှာပါ။ ဒီရက်ပိုင်းအတွင်း အမြန်ဆုံး ဆုံးဖြတ်သွားမှာပါ။ သိရပြီ ဆိုရင်လည်း အားလုံးသိအောင် သတင်းထုတ်ပြန်ပေးသွားမှာပါ။ လောလောဆယ်တော့ စည်သူအောင်က အသင်းက ပြန်လွှတ်လိုက်တဲ့အတွက် အသင်းနဲ့အတူ လေ့ကျင့်ခန်း လာဆင်းတာမျိုးတော့ မရှိပါဘူး ” ဟု စည်သူအောင်၏ဖြစ်ရပ်နှင့် ပတ်သက်၍ ရတနာပုံအသင်း မီဒီယာတာဝန်ခံ ကိုအောင်ဟိန်းခိုင် က ပြောသည်။

ရတနာပုံအသင်း၏ နည်းပြရီနီလက်ထက်တွင် ကစားသမားများနှင့် အချင်းများမှုများ မကြာခဏဖြစ်ပေါ်ခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် အသင်း၏ အဓိကဂိုးသမား သီဟစည်သူကိုလည်း အသင်းမှ ထုတ်ပယ်ခြင်းဖြစ်ရပ်များ ဖြစ်ပေါ်ခဲ့ဖူးသည်။

စည်သူအောင်သည် လက်ရွေးစင်အသင်းပြစ်ဒဏ်ကြောင့် ယခုနှစ် ၂၀၁၆ ဘောလုံးရာသီတွင် ဇွဲကပင်နှင့် ရတနာပုံပွဲ၊ ရှမ်းယူနိုက်တက်နှင့် ရတနာပုံပွဲ စသည့် နှစ်ပွဲသာ ရတနာပုံအသင်းအတွက် ပွဲထွက်ပါဝင်ကစားခွင့် ရရှိထားသေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly