ရီးယဲလ်အသင်းသို့ မပြောင်းရွှေ့ခဲ့သည့်အတွက် တော့တီ နောင်တရ

ရီးယဲလ်အသင်းသို့ မပြောင်းရွှေ့ခဲ့သည့်အတွက် တော့တီ နောင်တရ

မတ် ၉၊ မက်ဒရစ် ။            ။ ရိုးမားအသင်း၏ ဂန္ထဝင်ကစားသမားကြီး ဖရန်ဆက်စကိုတော့တီက ၎င်း၏ဘဝတွင် နောင်တရမိသည့် တစ်ခုတည်းသော အဖြစ်အပျက်မှာ ရီးယဲလ်အသင်းသို့ မပြောင်းရွှေ့ခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ရိုးမားအသင်းက ရီးယဲလ်အသင်းကို ဘာနေဗျူးကွင်းတွင် ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် ချန်ပီယံလိဂ်ရှုံးထွက် ဒုတိယအကျော့ပွဲစဉ်တွင် တော့တီသည် ဒုတိယပိုင်း၌ လူစားဝင် ကစားခဲ့သည်။ လူစားဝင်ကစားရန် တော့တီ ကွင်းဘေးတွင် ရှိနေချိန်၌ ရီးယဲလ်အသင်းပရိသတ်များက တော့တီကို တခဲနက် အားပေးခဲ့ကြသည်။

'ဆန်တီယာဂိုဘာနေဗျူးကွင်းက တကယ်ကိုအံ့သြဖွယ်ရာကောင်းတဲ့ ကစားကွင်းကြီးပါ။ ရီးယဲလ်အသင်းမှာ မကစားဖြစ်ခဲ့တာက ကျွန်တော့်ရဲ့ တစ်ခုတည်းသော နောင်တပါပဲ။

ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲနဲ့ တခဲနက် ကြိုဆိုခဲ့ကြတာက တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဒါကို ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး' ဟု အသက် ၃၉ နှစ် အရွယ်ရှိတော့တီက ပြောသည်။

တော့တီသည် လူငယ်ကစားသမားဘဝကတည်းက ရိုးမားအသင်းတွင် ကစားခဲ့သူဖြစ်ပြီး ရိုးမားအသင်းနှင့်အတူ စီးရီးအေဖလား တစ်ကြိမ်၊ ကိုပါအီတာလီယာဖလား ၂ ကြိမ်နှင့် အီတလီစူပါဖလား ၂ ကြိမ်သာ ရရှိခဲ့သည်။ ရိုးမားအသင်းအတွက် ယခုအချိန်အထိ ပွဲပေါင်း ၇၅၁ ပွဲကစားထားပြီး ဂိုး ၃၀၀ သွင်းယူပေးထားသည်။

တော့တီကို ရီးယဲလ်အသင်းအပါအဝင် ဥရောပထိပ်သီးအသင်းကြီးများက ခေါ်ယူရန် ကြိုးပမ်းခဲ့ကြဖူးသော်လည်း ၎င်းက ရိုးမားအသင်းတွင်သာ ဆက်ကစားရန် ရွေးချယ်ခဲ့သူ ဖြစ်သည်။

ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly