တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း

တပ်မဟာ အသစ်ဖွဲ့စည်းခြင်း မရှိဟု KIA ငြင်း
ကချင်ပြည်နယ် လိုင်ဇာမြို့တွင် လုံခြံုရေးယူထားသည့် ကချင်လွှတ်မြောက်ရေးတပ်မတော် (KIA) အား သြဂုတ်လ ၃ ရက် ၂၀၁၄ ခုနှစ်က တွေ့ရစဉ်။ (ဓာတ်ပုံ-မင်းမင်း)

ချင်းမိုင်၊ မတ် ၉ ။           ။ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၏ လက်အောက်ခံ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ တပ်မဟာ ၆ ကို ၂၀၁၁ခုနှစ် ကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ပြီး တပ်မဟာ အသစ်ဖွဲ့စည်းခြင်းမရှိကြောင်း KIO မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

တကျော့ပြန် စစ်ပွဲများ၏ လိုအပ်ချက်ကြောင့် KIA တပ်မတော် ၆ ကို ၂၀၁၁ ခုနှစ် အောက်တိုဘာ ၂၂ ရက်က စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး တပ်မဟာ ၄မှတပ်မဟာမှူးက ပူးတွဲတာဝန်ယူထားရာမှ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် ဒုဗိုလ်မှူးကြီး မရန်ဇော်ဂေါင်အား တပ်မဟာ ၆ တပ်မဟာမှူး အဖြစ် တာဝန်လွှဲပြောင်းဆုတောင်းပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

“UPWC က ကန့်ကွက်စာထုတ်လိုက်တာလေ။ တာဝန်အလွဲအပြောင်းလုပ်တဲ့ နေရာမှာ ဆုတောင်းပွဲလုပ်တာ ကို အသစ်ဖွင့် တယ်လို့ ကျွန်တော်တို့ကို ပြောတာပေါ့။ ကျွန်တော်တို့ကတော့ ဘာမှသဘောထား မရှိပါဘူး။ ဆိုလိုချင် တာကတော့ ဖွင့်တာ ကြာပြီ။ ခုမှ ကန့်ကွက်တယ် ဆိုတာက သဘာဝ သိပ်မကျဘူးလို့ ရှုမြင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်

ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ က ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၉ ရက် ကန့်ကွက်ခဲ့သလို၊ ကချင်ပြည်နယ် ပဋိပက္ခ ညှိနှိုင်းေ ဖြေရှင်းရေးအဖွဲ့မှလည်း မတ် ၃ ရက်က ပြင်းထန်စွာ ကန့်ကွက်ကြောင်း အကြောင်းကြားခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ) ထိန်းချုပ်ဒေသဖြစ်သည့် မုန်းဘော်၊ မုန်းကိုးနှင့် ဖောင်းဆိုင် နယ်မြေ သုံးခုတွင် KIA တပ်မဟာ ၆ ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

တပ်မဟာ ၆ ဖွဲ့စည်းရခြင်း၊ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည်များအရေးနှင့် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ချက်နှင့် အတူ လူထု ရှင်းလင်းပွဲကို ယနေ့ မတ်လ ၉ ရက်တွင် လိုင်ဇာမြို့ တွင် ကျင်းပခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly