ပါကစ္စတန်၏ နိုင်ငံခြားအရန်သုံးငွေများ ၄ နှစ်အတွင်း အနိမ့်ဆုံးအတိုင်းအတာအထိ လျော့ကျသွား

ပါကစ္စတန်၏ နိုင်ငံခြားအရန်သုံးငွေများ ၄ နှစ်အတွင်း အနိမ့်ဆုံးအတိုင်းအတာအထိ လျော့ကျသွား

ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏသည် အမေရိကန်ဒေါ်လာ ၇၈၄ သန်း လျော့ကျသွားပြီး ဒီဇင်ဘာ ၂ ရက်က ကုန်ဆုံးသည့် သီတင်းပတ်အတွင်း ၄ နှစ်နီးပါးအတွင်း အနိမ့်ဆုံးပမာဏဖြစ်သည့် ဒေါ်လာ ၆ ဒသမ ၇၂ ဘီလီယံကို ရောက်ရှိသွားကြောင်း ဗဟိုဘဏ်ကို ကိုးကားပြီး Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်ဗဟိုဘဏ်၏ နိုင်ငံခြားအရန်သုံးငွေကြေးများ ယခုပမာဏအောက် ကျရောက်မှုကို ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၈ ရက်တွင် ကုန်ဆုံးခဲ့သည့် သီတင်းပတ်အတွင်း မြင်တွေ့ခဲ့ရပြီး ထိုစဉ်က နိုင်ငံခြားအရန်ငွေပမာဏမှာ ဒေါ်လာ ၆ ဒသမ ၆၄ ဘီလီယံ ဖြစ်ကြောင်း ဗဟိုဘဏ်၏ ကိန်းဂဏန်းအချက်အလက်များက ပြသသည်။

ကူးသန်းရောင်းဝယ်ရေးဘဏ်များတွင် ထိန်းသိမ်းထားသည့် အသားတင်နိုင်ငံခြားအရန်ငွေများက လက်ရှိ အချိန်တွင် ဒေါ်လာ ၅ ဒသမ ၈၆၇ ဘီလီယံ ရှိနေသည့်အတွက် ပါကစ္စတန်၏ စုစုပေါင်း ငွေပေါ်လွယ်သော နိုင်ငံခြားအရန်ငွေပမာဏက ဒေါ်လာ ၁၂ ဒသမ ၅၈ ဘီလီယံအဖြစ် ရှိနေသည်ဟု ညွှန်ပြနေကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နိုင်ငံတွင် ပါကစ္စတန် မွတ်စလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) ပါတီ ပြီးခဲ့သည့် ဧပြီလက အာဏာရပြီးကတည်းက နိုင်ငံ၏ နိုင်ငံခြားအရန်ငွေကြေးပမာဏကို တိုးပွားစေရေးက ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှာရစ် ဦးဆောင်သော အစိုးရ အဖွဲ့၏ အဓိက ဦးစားပေးအစီအစဉ်အဖြစ် ရှိနေခဲ့သည်။

သို့သော် ပါကစ္စတန်ဗဟိုဘဏ် (SBP) ၏ နိုင်ငံခြား အရန်ငွေကြေးပမာဏသည် ဒေါ်လာ ၁၀ ဒသမ ၉ ဘီလီယံ ရှိခဲ့ရာမှ ဒေါ်လာ ၄ ဘီလီယံကျော် လျော့ကျခဲ့ပြီဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly