အငြင်းပွားပင်လယ်တွင် ကင်းလှည့်ရန် ဖိလစ်ပိုင်က ဂျပန်လေယာဉ်များ ငှားရမ်းမည်

အငြင်းပွားပင်လယ်တွင် ကင်းလှည့်ရန် ဖိလစ်ပိုင်က ဂျပန်လေယာဉ်များ ငှားရမ်းမည်

မနီလာ၊ မတ် ၉ ။            ။ ဒေသတွင်းအငြင်းပွား တောင်တရုတ်ပင်လယ်တွင် ကင်းလှည့်မှုများပြုလုပ်နိုင်ရန် ဖိလစ်ပိုင်က ဂျပန်ထံမှ လေယာဉ်ငါးစင်းငှားရမ်းသွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်သမ္မတ ဘင်နစ်နိုအကွီနိုက မတ် ၉တွင် ကြေညာခဲ့သည်။

ဆယ်စုနှစ်များစွာ ပြည်တွင်းလက်နက်ကိုင်အုပ်စုများနှင့် နပန်းလုံးနေခဲ့သော ဖိလစ်ပိုင်စစ်တပ်သည် နယ်မြေကာကွယ်ရေးဘက်သို့ အာရုံပြောင်းသွားပြီး လေတပ်နှင့် ရေတပ်ခေတ်မီရေးအတွက် ၂၀၁၇ခုနှစ်အထိ ပေါင် ၁ဒသမ၂၄ဘီလျံသုံးစွဲမည်ဖြစ်သည်။

ယခင်အစိုးရသုံးဆက်ထက် လေတပ်ကို ပိုမိုတည်ဆောက်ရေး ဆောင်ရွက်ထားကြောင်း မနီလာတောင်ဘက်ရှိ လေတပ်အခြေစိုက်စခန်းတစ်ခုတွင် အကွီနိုက ပြောခဲ့သည်။

ပင်လယ်ရေကြောင်းနယ်နိမိတ်ကို ကာကွယ်ရေး၊ တပ်များရွှေ့ပြောင်းရေး၊ ဖြည့်တင်းရေးတို့အတွက် လေယာဉ်၊ ရဟတ်ယာဉ်များ တိုးမြင့်ခဲ့သည်ဟု ၎င်းကဆိုသည်။

မဟာမိတ်များဖြစ်သော အမေရိကန်နှင့် တောင်ကိုရီးယားတို့ကလည်း လေတပ်စွမ်းရည်မြင့်မားရေးအတွက် အကူအညီများကမ်းလှမ်းထားပြီး ယခုနှစ်တွင် အမေရိကန်မှ မွမ်းမံထားသည့် C-130 သယ်ယူပို့ဆောင်ရေးလေယာဉ်နှစ်စင်း ရောက်ရှိမည်ဖြစ်ကြောင်း အကွီနိုက ပြောသည်။

"ကျွန်တော်တို့ရဲ့ပိုင်နက်တွေ အထူးသဖြင့် အနောက်ဖိလစ်ပိုင်ပင်လယ်မှာ ကင်းလှည့်ရာမှာ ကျွန်တော်တို့ရဲ့ရေတပ်ကိုကူဖို့ ဂျပန်ဆီက TC-90 လေကျင့်ရေးလေယာဉ်ငါးစင်းလည်း ငှားမှာဖြစ်ပါတယ်"ဟု တောင်တရုတ်ပင်လယ်ရှိ စပရက်တလီကျွန်းစုကို ရည်ညွှန်းလျက် အကွီနိုက ပြောကြားခဲ့သည်။ ဂျပန်လေယာဉ်များ မည်သည့်အချိန်ရောက်မည်ကိုမူ မပြောကြားခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly