ကမ္ဘာ့စီးပွားရေး လမ်းချော်မည့်အန္တရာယ်ရှိဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

ကမ္ဘာ့စီးပွားရေး လမ်းချော်မည့်အန္တရာယ်ရှိဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ သတိပေး

ဝါရှင်တန်၊ မတ်၊ ၉။            ။ ကမ္ဘာ့စီးပွားရေးမှာ လမ်းချော်မည့်အခြေအနေတွင်ကျရောက်နေပြီး တစ်ကမ္ဘာလုံးအတိုင်းအတာနှင့်ဝယ်လိုအား မြင့်တက်အောင်လုပ်ဆောင်ရန်လိုအပ်နေပြီဟု   နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF) က သတိပေးပြောကြား လိုက်သည်။

ကမ္ဘာ့စီးပွားရေးရင်ဆိုင်နေရသည့် အန္တရာယ်များနှင့်ပတ်သတ်ပြီး IMF ၏ ဒုတိယအကြီးအကဲ ဒေးဗစ်လစ်ပတန် က အင်္ဂါနေ့က ဝါရှင်တန်တွင် သတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

'' ကမ္ဘာ့စီးပွားရေးအပေါ် IMF ရဲ့နောက်ဆုံးသုံးသပ်ချက်တွေအရ ကမ္ဘာ့စီးပွားရေးဟာ အားနေနေပြီး အတိမ်းအစောင်း မခံတော့တဲ့ နောက်ဆုံးမှတ်ကိုရောက်ရှိနေကြောင်း တွေ့ရှိထားရပါတယ်။ ကျွန်တော်တို့ဟာ အရမ်းကိုသိမ်မွေ့ပြီး အထိခိုက်မခံတဲ့အမှတ်တစ်ခုမှာ ရောက်ရှိနေတာပါ '' ဟု မစ္စတာလစ်ပတန်က ပြောကြားသည်။

တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ မျှော်မှန်းထားသည်ထက် လျော့နည်းလျှက်ရှိကြောင်း အချက်အလက်များထွက်ပေါ်လာပြီး နောက်တွင် ယခုကဲ့သို့ IMF ကသတိပေးပြောကြားလာခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏမှာ လွန်ခဲ့သည့်တစ်နှစ်ကထက် ၄ ပုံ ၁ ပုံ ကျဆင်းသွားခဲ့သည်။

လာမည့်ဧပြီလတွင် စီးပွားရေးကြိုတင်ခန့်မှန်းချက်များ ထုတ်ပြန်သည့်အချိန်တွင် လာမည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို လျှော့ချခန့် မှန်းသွားမည်ဟုလည်း IMF ကပြောကြားထားပြီး   ဖြစ်သည်။

IMF သည် လာမည့်နှစ်အတွက် ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ၃.၄ ရာခိုင်နှုန်းထိသာ ခန့်မှန်းလျာထားသွားဖွယ်ရှိနေပြီး ထိုအချက်က တရုတ်နိုင်ငံ ဖွံ့ဖြိုးလာမှုကိုတွက်ဆပြီး အရဲစွန့်လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလုပ်ငန်း များ၏ ဂယက်ရိုက်မှုကိုဖော်ပြနေသော လက္ခဏာတစ်ရပ်ဖြစ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly