တာဝေးပျံ ဗုံးကြဲလေယာဉ်များ သြစတြေးလျတွင် အခြေစိုက်ရန် ဆွေးနွေးနေဟု အမေရိကန်ပြော

တာဝေးပျံ ဗုံးကြဲလေယာဉ်များ သြစတြေးလျတွင် အခြေစိုက်ရန် ဆွေးနွေးနေဟု အမေရိကန်ပြော

ဆစ်ဒနီ၊ ဝါရှင်တန် မတ် ၉ ။              ။ သြစတြေးလျတွင် တာဝေးပျံဗုံးကြဲလေယာဉ်များ ထားရှိရေး သြစတြေးလျနှင့် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်ဟု အမေရိကန် ကာကွယ်ရေး အရာရှိများက ပြောသည်။ ယင်းလေယာဉ်များက အငြင်းပွားတောင်တရုတ်ပင်လယ်အထိ ပျံသန်းနိုင်မည်ဖြစ်ရာ ယင်းလုပ်ရပ်က တရုတ်နှင့် တင်းမာမှုကို မီးထိုးပေးမည်ဖြစ်သည်။

ယင်းသို့ချထားမှုတွင် B-1 ဗုံးကြဲလေယာဉ်များနှင့် B-52 ဗုံးကြဲလေယာဉ်များ၏ မစ်ရှင်များချဲ့ထွင်မှုလည်း ပါဝင်မည်ဟု ပစိဖိတ်ရှိ အမေရိကန်လေတပ်ပြောခွင့်ရ အမျိုးသား ဒုတိယဗိုလ်မှူးကြီး ဒါမီယင်ပစ်ကာ့တ်က ပြောသည်။ ဆွေးနွေးပွဲများဆက်လက်ပြုလုပ်လျက်ရှိသော်လည်း မည်သည့်ဆုံးဖြတ်ချက်မှ မချရသေးကြောင်းလည်း ၎င်းကပြောသည်။

ယင်းသို့ဗုံးကြဲလေယာဉ်များအလှည့်ကျထားရှိခြင်းဖြင့် ဒေသတွင်းမဟာမိတ်များကို ခိုင်မာစေသည့်အပြင် ပစိဖိတ်လေတပ်နှင့် အမေရိကန်ပစိဖိတ်ဋ္ဌာနချုပ်တပ်မှူးများအတွက် ယုံကြည်လောက်သည့် ကမ္ဘာလုံးဆိုင်ရာတိုက်ခိုက်မှုစွမ်းရည်နှင့် အိန္ဒိယ-အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန် တိုက်ခိုက်မှုအား တားဆီးနိုင်သည့်စွမ်းရည်ကို ရရှိစေမည်ဖြစ်ကြောင်း ပစ်ကာ့တ်က ပြောသည်။

ဆွေးနွေးမှုများနှင့် ပတ်သက်၍ မှတ်ချက်ပေးရန် သြစတြေးလျဝန်ကြီးချုပ် မဲလ်ကွမ်တန်ဘူးလ်က ငြင်းပယ်ခဲ့သည်။ နှစ်နိုင်ငံအမျိုးသားအကျိုးစီးပွားအတွက် နှစ်ဖက်တပ်ဖွဲ့ဝင်များသည် အတတ်နိုင်ဆုံးနီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်ဟု ၎င်းက မတ် ၉က သတင်းထောက်များကို ပြောကြားသည်။

သဘောတူညီချက်ရရှိပါက နောက်ထပ်အမေရိကန်စစ်လေယာဉ်များ အငြင်းပွားတောင်တရုတ်ပင်လယ်အနီးသို့ နောက်ထပ်ရောက်ရှိလာမည်ဖြစ်ရာ တရုတ်ကို ဒေါသထွက်စေနိုင်သည်ဟု   လေ့လာသူများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly