ကမ္ဘာ့ဖလားဆုရှင် မက်ဆီ ပီအက်စ်ဂျီမှာ ဆက်နေဖို့ သဘောတူတယ်လို့ သတင်းများ ဖော်ပြ

ကမ္ဘာ့ဖလားဆုရှင် မက်ဆီ ပီအက်စ်ဂျီမှာ ဆက်နေဖို့ သဘောတူတယ်လို့ သတင်းများ ဖော်ပြ
Photo: EPA

လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီကို ချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူဟာ ပြင်သစ်ကလပ်မှာ ဆက်နေဖို့ သဘောတူညီတယ်လို့ ဒေသတွင်း မီဒီယာတွေက ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က ကာတာမှာ ပြင်သစ်နဲ့ ရင်ဆိုင်ရတဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ အာဂျင်တီးနားကို အနိုင်ရရှိအောင် ဦးဆောင်ပေးခဲ့တဲ့ အသက် ၃၅ နှစ် ကစားသမားဟာ  ပြင်သစ်မြို့တော်မှာ နွေရာသီမှာ ကုန်ဆုံးမယ့် သူ့လက်ရှိစာချုပ်အတွက် တစ်ရာသီသက်တမ်းတိုးမှာဖြစ်ပါတယ်။

Le Parisian နဲ့ RMC Sport တို့ ဖော်ပြချက်အရ မက်ဆီဟာ သူ့ရဲ့ကမ္ဘာ့ဖလားအားလပ်ရက်အပြီး ပြန်လာတဲ့အခါမှာ သူဟာ ပီအက်စ်ဂျီ ဥက္ကဌ အယ်လ်ခီလိုင်ဖီနဲ့ တခြားကလပ်အသင်း တာဝန်ရှိသူတွေနဲ့အတူ ဆွေးနွေးလိမ့်မယ်လို့ သိရပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းမှာ ပရော်ဖက်ရှင်နယ်ကစားသမားဘဝတစ်ခုလုံးကို ဖြတ်သန်းပြီးနောက် ၂၀၂၁ မှာ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တာပါ။

ဘလွန်းဒီအော် ခုနစ်ကြိမ်ရရှိခဲ့သူဟာ စပိန်မှာ ၂၀၀၆၊ ၂၀၀၉၊ ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ချန်ပီယံလိဂ်ဖလား လေးကြိမ်ရရှိခဲ့သလို လာလီဂါဖလား ၁၀ ကြိမ် ဆွတ်ခူးခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကမ္ဘာ့ဖလားဗိုလ်လုပွဲ အချိန်ပိုမှာ ၃-၃ နဲ့ ပြီးဆုံးသွားပြီးနောက် သူဟာ ပြင်သစ်ကို ပင်နယ်တီအဆုံးအဖြတ်မှာ အနိုင်ရအောင် အာဂျင်တီးနားကို ကူညီပေးခဲ့ပါတယ်။

ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ မက်ဆီဟာ ဗိုလ်လုပွဲမှာ နှစ်ဂိုးသွင်းယူမှုနဲ့အတူ ပီအက်စ်ဂျီအသင်းဖော် အမ်ဘာပေက ပြင်သစ်အတွက် ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly