ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသောကြောင့် ခြေရာခံရန်မဖြစ်နိုင်တော့ကြောင်း တရုတ်အာဏာပိုင်များ ပြောကြား

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ မြင့်တက်လာသောကြောင့် ခြေရာခံရန်မဖြစ်နိုင်တော့ကြောင်း တရုတ်အာဏာပိုင်များ ပြောကြား

တရုတ်နိုင်ငံ၏ ကျန်းမာရေးအာဏာပိုင်အဖွဲ့က နိုင်ငံအတွင်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ၏ အတိုင်းအတာအမှန်ကို ခြေရာခံရန်မဖြစ်နိုင်တော့ကြောင်း ဒီဇင်ဘာ ၁၄ ရက်က ပြောကြားလိုက်ပြီး အစိုးရက ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ရုတ်ခြည်းစွန့်လွှတ်ခဲ့ပြီးနောက် ပေကျင်းတွင် ကူးစက်မှုများ လျင်မြန်စွာ မြင့်တက်လာကြောင်း တာဝန်ရှိများက သတိပေးထားသည်ဟု AFP ကဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ၃ နှစ်နီးပါး ကြိုးပမ်းမှုများက တရားဝင်ထုတ်ပြန်သော ကူးစက်မှုအရေအတွက်တွင် ကျဆင်းမှုများ ပြသခဲ့ပြီးနောက် အစုလိုက်အပြုံလိုက် ရောဂါစမ်းသပ်ခြင်းနှင့် သီးသန့်ခွဲထားစောင့်ကြည့်မှုများကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ကြောင့် ယခင်လက ကူးစက်မှုများ စံချိန်တင် မြင့်တက်စေခဲ့သည်။

သို့သော် နိုင်ငံများစွာတွင် ရောဂါစမ်းသပ်မှုများမလိုအပ်တော့သောကြောင့် ထိုကူးစက်မှုကိန်းဂဏန်းများသည် ကူးစက်မှုအစစ်အမှန်ကို ကိုယ်စားမပြုတော့ကြောင်း တရုတ်နိုင်ငံကျန်းမာရေးကော်မရှင် (NHC ) ဒီဇင်ဘာ ၁၄ ရက်တွင် ပြောသည်။

ရောဂါလက္ခဏာမပြသောသူများမှာ ဓာတ်ခွဲစမ်းသပ်မှုတွင် ပူပေါင်းပါဝင်ခြင်းမရှိတော့သောကြောင့် ရောဂါလက္ခဏာမပြသူများကို အတိအကျ ခြေရာခံရန်မှာ မဖြစ်နိုင်တော့ကြောင်းNHC က ပြောသည်။တရုတ် ဒုဝန်ကြီးချုပ် ဆန်ချန်လန်းက မြို့တော် ပေကျင်းတွင် ကူးစက်မှုအသစ်များ အလျင်အမြန် များပြားလာကြောင်း ပြောခဲ့ပြီးနောက် ကျန်းမာရေးကော်မရှင်က ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ခုခံနိုင်စွမ်းနည်းသော သက်ကြီးပိုင်း သန်းနှင့်ချီသည် ကာကွယ်ဆေးကို အကြိမ်ရေအပြည့်အဝ မထိုးရသေးသလို ငွေကြေးချို့တဲ့သော ဆေးရုံးများတွင်လည်း ရောဂါကူးစက်ခံထားရသော လူနာအများအပြားကို ကိုင်တွယ်ဖြေရှင်းရန် အရင်းအမြစ်များ ပြတ်လပ်လျက်ရှိသည်။

ပေကျင်းမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က ဆေးပေးခန်းတစ်ခု၏ တံခါးပေါက်၌ အယောက် ၅၀ ခန့်ရှိသော လူတန်းကြီးကို တွေ့မြင်ရပြီး ဒေသခံအများအပြားမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း AFP သို့ ပြောသည်။

ရောဂါလက္ခဏာပြသူများကလည်း အိမ်ထဲ၌ မိမိအစီအစဉ်ဖြင့် ကုသနေကြကာ တခြားသူများကလည်း ကူးစက်မှုမခံရစေရန် အိမ်ထဲ၌သာ နေကြသည်။

ကိုဗစ်-၁၉ ကပ်ရောဂါက ပြည်သူများကို အလျင်အမြန်ကူးစက်နေသလို ဝန်ထမ်းများပါ ကူးစက်မှုဒဏ်ခံနေရသောကြောင့် စီးပွားရေးလုပ်ငန်းများမှာ ရုန်းကန်နေရပြီး ပေကျင်းလမ်းမများတွင်လည်း လူသူကင်းမဲ့လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required