သူရဲကောင်းတို့ အိမ်ပြန်ခရီးအဖြစ် မော်ရိုကိုအသင်းကို သောင်းသောင်းဖြဖြ ကြိုဆို

သူရဲကောင်းတို့ အိမ်ပြန်ခရီးအဖြစ် မော်ရိုကိုအသင်းကို သောင်းသောင်းဖြဖြ ကြိုဆို
Photo: EPA

ပထမဆုံး အာရပ် ဒါမှမဟုတ် အာဖရိက အသင်းတစ်သင်း ကမ္ဘာ့ဖလားပွဲ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်တာဖြစ်တဲ့ အင်္ဂါနေ့က မော်ရိုကိုအသင်းရဲ့ အိမ်ပြန်ခရီးဟာ မြို့တော်ကနေ စောင့်ကြိုနေကြတဲ့ ပြည်သူထောင်ပေါင်းများစွာဟာ စုပြုံတိုးဝှေ့ကြပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။

လေဆိပ်ကနေ မြို့လယ်အနှံ့ အမိုးဖွင့် ဘတ်စ်ကားပေါ်က အသင်းနဲ့ နည်းပြ Walid Regragui ဟာ လက်တွေဝှေ့ယမ်း နှုတ်ကြပြီး ရဲကားနဲ့ မော်တော်ဆိုင်ကယ်တွေဟာ ဥဩသံတွေ ဆွဲပြီး မီးဖွင့်မောင်း လိုက်ပါလာပါတယ်။

လူအုပ်က အော်ဟစ်ကြပြီး တချို့က မီးရှုးမီးပန်းတွေ ပင်လယ်ကမ်းဘေး မြို့တော်ရဲ့ ကောင်းကင်ယံဆီ ပစ်ဖောက်ကြတယ်လို့ အေအက်ဖ်ပီသတင်းထောက်က ပြောပါတယ်။

“ကျွန်တော်တို့ အသင်းအတွက် ကျွန်တော် အရမ်း ဂုဏ်ယူတယ်၊ နောက်တစ်ကြိမ် ကမ္ဘာ့ဖလားမှာ မနိုင်နိုင်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ”ဆိုပြီး မတ်နက်စ်မြို့က အသက် ၂၇ နှစ်အရွယ် စားပွဲထိုး အဒမ် နာဂျက်က ပြောပါတယ်။

အခု သမိုင်းဝင်နေ့ကို ကိုယ်တိုင်ကြုံရဖို့အတွက် မြို့တော်ဆီ မိုင် ၉၀ ကျော် လာရောက်ခဲ့ရတာဖြစ်ပြီး ကမ္ဘာ့ဖလားမှာ မော်ရိုကိုရဲ့ လှပတဲ့ သတင်းကို ဂုဏ်ပြုတာလို့ သူက ဆိုပါတယ်။

အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်ကြပြီး အလံတွေ ဝှေ့ယမ်းနေကြတဲ့ အားပေးထောက်ခံသူ တော်တော်များများဟာ သူတို့ရဲ့ သူရဲကောင်းတွေ မြင်ရဖို့ နာရီအတော်လေးကြာအောင် စောင့်ဆိုင်းနေခဲ့ကြတာပါ။

“ကျွန်တော်ရဲ့ ပျော်ရွှင်မှုကို ဖော်တောင် မဖော်ပြတတ်ဘူး၊ သူတို့တွေက မော်ရိုကိုတွေ၊ အာရပ်တွေနဲ့ အာဖရိကတွေအတွက် ဂုဏ်ယူရအောင် စွမ်းဆောင်ပေးခဲ့ကြတာ ဖြစ်တယ်”လို့ ရာဘတ်မြို့လယ် ဘတ်စ်ကား ဖြတ်သွားချိန်မှာ အသက် ၅၄ နှစ်အရွယ် ဘော်ရိုအွာက ပြောသည်။

မော်ရိုကိုအသင်းဟာ ခရိုအေးရှားအသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ တတိယနေရာ ရခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းတွေ ပါဝင်တဲ့ အုပ်စုထိပ်ဆုံးကို ရောက်ရှိခဲ့တာ ဖြစ်ပြီး စပိန်နဲ့ ပေါ်တူဂီအသင်းတွေကို ရှုံးထွက်ပွဲစဉ်မှာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယနေရာ ရခဲ့တဲ့ ခရိုအေးရှားအသင်းကို စနေနေ့က တတိယနေရာလုပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပေမယ့် ကာတာက ကမ္ဘာ့ဖလားမှာ လူအများရဲ့ စိတ်ကို ဆွဲဆောင်လိုက်နိုင်တာပဲ ဖြစ်ပါတယ်။

“ကျွန်မ သူတို့ကို ပွေ့ဖက်ပြီး အနမ်းတွေ ပေးချင်တယ်”လို့ သူငယ်ချင်းတွေနဲ့အတူ အသင်းကို လာရောက်ကြည့်ရှုတဲ့ ၁၉ နှစ်အရွယ် ဥပဒေကျောင်းသူ လိုင်လာက ပြောပါတယ်။

“သူတို့ ဖြတ်သွားတာ အရမ်းမြန်တာပဲ၊ ဒါပေမဲ့ သူတို့ကို ကျွန်မ သူတို့ကို မြင်တွေ့လိုက်ရတယ်၊ ကျွန်မအနေနဲ့ ခုလို မပျော်ရတာ အတော်လေး ကြာနေပြီ”ဆိုပြီး သူက ပြောပါတယ်။

အသင်းဟာ နောက်ပိုင်းမျာ တော်ဝင်နန်းတော်ဆီ သွားရောက်ခဲ့ပြီး ဘုရင် ဆဋ္ဌမမြောက် မိုဟာမတ်နဲ့ တွေ့ဆုံရကာ သမိုင်းဝင် ဆောင်ကြဉ်းနိုင်မှုအတွက် အသိအမှတ်ပြုမှုကို ရရှိခဲ့ပါတယ်။

အိမ်ရှေ့မင်းသား မူလေး ဟတ်ဆန်ပါ ယှဉ်တွဲရှိနေရာမှာ ဘုရင်ဟာ မော်ရိုကို ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌ၊ အသင်းနည်းပြနဲ့ ကစားသမားတွေကို ဆုတွေ အသီးသီး ချီးမြှင့်ခဲ့ကြောင်း နိုင်ငံရဲ့ အမျိုးသားသတင်းအေဂျင်စီ MAP က ဖော်ပြပါတယ်။

ကစားသမားတွေရဲ့ မိခင်ဖြစ်သူတွေလည်း နန်းတော်ဆီ အတူလိုက်ပါလာကြကြောင်း MAP သတင်းဌာနက ထပ်လောင်းဖော်ပြပြီး “သူတို့ရဲ့ ကလေးတွေ၊ မျိုးချစ်စိတ်ဓာတ် တန်ဖိုးတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေနဲ့ အမျိုးသားရေး ပိုင်ဆိုင်မှုတွေ” အတွက် သူတို့တွေရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုတာပဲ ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly