နျူကလီးယား လုပ်ငန်းများနှင့်ပတ်သက်သည့် ပါကစ္စတန်ကုမ္ပဏီများကို အမေရိကန်က ပို့ကုန်ထိန်းချုပ်သည့် စာရင်းတွင် ထည့်သွင်း

နျူကလီးယား လုပ်ငန်းများနှင့်ပတ်သက်သည့် ပါကစ္စတန်ကုမ္ပဏီများကို အမေရိကန်က ပို့ကုန်ထိန်းချုပ်သည့် စာရင်းတွင် ထည့်သွင်း

ပါကစ္စတန်၏ နျူကလီးယား လုပ်ငန်းများကို ပံ့ပိုးပေးခြင်း၊ ရုရှား၏ စစ်တပ် သို့မဟုတ် ကာကွယ်ရေးပစ္စည်းထုတ် ဗဟိုဌာနချုပ်ကို ထောက်ပံ့ခြင်းနှင့် အီရန် အီလက်ထရောနစ်ကုမ္ပဏီ တစ်ခုအတွက် ပစ္စည်းများ ပေးသွင်းခြင်း အတွက် ကုမ္ပဏီ ၂၄ ခုနှင့် အခြားအဖွဲ့အစည်းများကို အမေရိကန်အစိုးရက ဒီဇင်ဘာ ၇ ရက်တွင် ပို့ကုန်ထိန်းချုပ်စာရင်းတစ်ခုတွင် ထည့်သွင်းလိုက်သည်။

လတ်ဗီးယား၊ ပါကစ္စတန်၊ ရုရှား၊ စင်္ကာပူနှင့် ဆွစ်ဇာလန်တို့တွင် အခြေစိုက်သည့် ကုမ္ပဏီများကို အမေရိကန်၏ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံခြားရေးမူဝါဒဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ယခုကဲ့သို့ စာရင်းသွင်းခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန်ကုန်သွယ်မှုဝန်ကြီးဌာနက ပြောသည်။

ပို့ကုန်ထိန်းချုပ်စာရင်းသွင်းခံရသည့် ကုမ္ပဏီများထဲတွင် fiber optic gyroscope များနှင့် အခြားပစ္စည်းကိရိယာများ ထုတ်လုပ်သည့် လတ်ဗီးယားအခြေစိုက် Fiber Optic Solutions နှင့် ရုရှား၏ အကြီးဆုံး အိုင်တီကုမ္ပဏီတစ်ခု ကိုယ်တို်ငကြေညာထားသည့် AO Kraftway Corporation PSC တို့ ပါဝင်သည်။ AO Kraftway Corporation က ဟာ့ဝဲ တည်ဆောက်ထုတ်လုပ်မှု အပါအဝင် အိုင်တီနှင့် ဆက်စပ်ပစ္စည်းများ ထုတ်လုပ်ရောင်းချကြောင်း ပြောသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၁၈ ခုနှစ်တွင် ဒဏ်ခတ်အရေးယူထားသည့် အီရန် အီလက် ထရောနစ် ကုမ္ပဏီ Pardazan System Namad Arman (PASNA) ကို ပစ္စည်းပေးသွင်းခြင်း သို့မဟုတ် ပေးသွင်းရန် ကြိုးပမ်းခြင်းအတွက် စင်္ကာပူရှိ ကုန်သွယ်လုပ်ငန်းနှင့် ပစ္စည်းထောက်ပံ့ပေးသွင်းမှု ကုမ္ပဏီ လေးခုကိုလည်း အမေရိကန်ကုန်သွယ်မှုဝန်ကြီးဌာနက ယခု ပို့ကုန်ထိန်းချုပ်စာရင်းတွင် ထည့်သွင်းခဲ့သည်။

ထို့ပြင် သမ္မတ ဂျိုးဘိုင်ဒင် အစိုးရသည် ပါကစ္စတန်နှင့် ယူအေအီးရှိ ကုမ္ပဏီ ၁၀ ခုကိုလည်း စာရင်းတွင် ထည့်သွင်း ခဲ့သည်။ ထိုကုမ္ပဏီများသည် ပါကစ္စတန်၏ အကာအကွယ်ပေးထားခြင်း မရှိသည့် နျူကလီးယား လုပ်ဆောင်ချက် များအတွက် ပစ္စည်းများ အသုံးပြုခြင်း သို့မဟုတ် လမ်းကြောင်းပြောင်းပေးခြင်း နှင့် ပါကစ္စတန်၏ နျူကလီးယား လုပ်ငန်းများနှင့် ဒုံးကျည် ပြန့်ပွားရေးနှင့် ဆက်စပ်သည့် လုပ်ဆောင်ချက်များတွင် ပါဝင်ပတ်သက်ခြင်းအားဖြင့် လက်သင့်မခံနိုင်သော အန္တရာယ်များကို ဖြစ်ပေါ်စေသည်ဟု အမေရိကန်အစိုးရက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required