မြန်မာသမ္မတအသစ် ဘယ်သူဖြစ်မလဲ

မြန်မာသမ္မတအသစ် ဘယ်သူဖြစ်မလဲ

မြန်မာ့သမိုင်းဝင် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့သည်မှာ ၄ လတာ ကြာမြင့်ခဲ့ပြီးနောက် လာမည့် ကြာသာပတေးနေ့တွင် မြန်မာ့လွှတ်တော်တွင် သမ္မတလောင်းများ ရွေးချယ်တင်မြှောက်တော့မည် ဖြစ်သည်။

စစ်အာဏာရှင်တို့ ရေးဆွဲခဲ့သည့် ရှုပ်ထွေးလှသော အခြေခံဥပဒေအရ သမ္မတလောင်း ၃ ဦး အမည်စာရင်း တင်သွင်းရဦးမည် ဖြစ်သော်လည်း NLD ပါတီက တင်သွင်းသည့် သမ္မတလောင်းသာ မြန်မာ သမ္မတအသစ် ဖြစ်လာရန် သေချာနေပြီး ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်မှာ သမ္မတအဖြစ် ထမ်းဆောင်ခွင့် မရှိဖြစ်နေရာ မည်သူ့ကို သူမ၏ ကိုယ်စားလှယ်အဖြစ်နှင့် သမ္မတတင်မြှောက်သွားမည် နည်းဆိုသည်ကို ပြည်တွင်းမှသာမက ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့်လျှက် ရှိသည်။

မည်သူ့ကို သမ္မတ တင်မြှောက်မည်ဆိုသည်ကို NLD ပါတီက တစ်စွန်းတစ်စမျှ တရားဝင် ဖွင့်ဟခြင်း မရှိသော်လည်း မြန်မာသမ္မတဖြစ်လာရန် လေ့လာသူများကြားတွင် တစ်ပြေးနေသူများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ ဦးထင်ကျော်

ဒေါ်အောင်ဆန်းစုကြည်၏ ကျောင်းတုန်းက သူငယ်ချင်းလည်းဖြစ်၊ ဝါရင့် NLD ပါတီဝင် တစ်ဦးလည်းဖြစ်သူ ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည် အယုံကြည်ရဆုံး အကြံပေး တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပေါ် သစ္စာရှိရာတွင်လည်း မေးခွန်းထုတ်စရာ မလိုသူ တစ်ဦးအဖြစ် ယူဆခံထားရသူ ဖြစ်သည်။

ဖော်ဖော်ရွေရွေ ရှိလှသော အသက် ၆၉ နှစ်အရွယ် ဦးထင်ကျော်သည် မြန်မာနိုင်ငံတွင် လူအများ လေးစားကြည်ညိုရသော စာရေးဆရာ၊ ကဗျာဆရာကြီး မင်းသုဝဏ်၏ သားလည်း ဖြစ်သည်။ ထို့ပြင် ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ လူမှုကူညီရေးဖောင်ဒေးရှင်းတစ်ခုတွင် အကြီးတန်း အမှုဆောင်တစ်ဦးဖြစ်ပြီး သူ၏ ဇနီးမှာလည်း NLD ပါတီမှ လွှတ်တော် အမတ်တစ်ဦး ဖြစ်သည်။

 

၂။ ဒေါက်တာ တင်မျိုးဝင်း

ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်ဖြစ်သော ဒေါက်တာတင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရသည့် ၁၅ နှစ်တာကာလအတွင်း တွေ့ခွင့်ရသည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

သူသည် NLD ပါတီ၏ အမျိုးသားကျန်းမာရေးကွန်ယက်ကို ဦးဆောင်နေသူဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ယုံကြည်မှုကိုလည်း ရရှိထားကာ ကာကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဆွေးနွေးရာ၌ပင် အတူလိုက်ပါခွင့် ရရှိခဲ့သည်ကို တွေ့ရသည်။

အသက် ၆၄ နှစ်အရွယ်ရှိ ဒေါက်တာတင်မျိုးဝင်းသည် စစ်ဘက်ဆိုင်ရာ ကျောထောက်နောက်ခံ မရှိသူဖြစ်ပြီး ထိုအချက်က အစိုးရသစ်လက်ထက်တွင် ဆက်လက်အင်အား ကောင်းနေဦးမည် ဖြစ်သည့် စစ်တပ်နှင့် ဆက်ဆံရေးတွင် အဆင်ပြေရန် အထောက်ပြုနိုင်ဖွယ်ရ ှိသည်။

လက်ရှိအချိန်တွင် ဒေါက်တာတင်မျိုးဝင်းသည် ရန်ကုန်မြို့ရှိ အလုပ်များလှသော အခမဲ့ မူစလင်ဆေးရုံတစ်ခုတွင် အချိန်ပြည့် ခွဲစိတ်ဆရာဝန်ကြီးအဖြစ်လည်း တာဝန်ယူထားသည်။

 

၃။ ဒေါက်တာတင်မာအောင်

ဒေါ်အောင်ဆန်းစုကြည်၏ ပုဂ္ဂိုလ်ရေး လက်ထောက်တစ်ယောက်ဖြစ်သော ဒေါက်တာ တင်မာအောင် သည် ဒေါက်တာတင်မျိုးဝင်းကဲ့သို့ပင် ကျွမ်းကျင်ဆရာဝန်တစ်ဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း ရင်းနှီးသော ဆက်ဆံရေးရှိသူ ဖြစ်သည်။

ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုးတစ်ဦးဖြစ်သူ ဒေါက်တာတင်မာအောင်သည် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့်သူအဖြစ် တစ်ပေးခံရသူလည်း ဖြစ်သည်။ သို့သော်တစ်ဖက်တွင်လည်း ယင်းရာထူးကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ရယူမည်ဟု သတင်းများ ထွက်ပေါ်လျှက် ရှိသည်။

NLD ပါတီအတွင်းပိုင်းမှ လူများအကြားတွင် သူမသည် ဒေါက်တာတင်မျိုးဝင်း၏ သြဇာကို တစ်ခါတစ်ရံ မနာခံတတ်သူအဖြစ် သတ်မှတ်ခံရသော်လည်း ထိုကဲ့သို့ စိတ်ဓာတ်ခပ်ထန်ထန် စရိုက်မျိုးမှာ ဒေါ်အောင်ဆန်းစုကြည် နှစ်သက်သည့် စရိုက်မျိုး ဖြစ်နိုင်စရာ ရှိနေပြန်သည်။
 

၄။ ဦးတင်ဦး

စစ်ဗိုလ်ချုပ်တစ်ဦးမှ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ တစ်ဦးဖြစ်လာခဲ့သော ဦးတင်ဦးသည် မြန်မာပြည်သူများ၏ လေးစားကြည်ညိုမှုကို ရရှိထားသူ ဖြစ်သည်။ သူသည် ၁၉၈၈ အရေးအခင်းကြီး နောက်ပိုင်းတွင် NLD ပါတီကို စတင်တည်ထောင်ရာ၌ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

ဗိုလ်ချုပ်နေဝင်း လက်ထက်တွင် စစ်တပ်၏ ထိပ်တန်းအရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ရာ အခြေခံဥပဒေပါ သမ္မတအရည်အချင်း တစ်ရပ်ဖြစ်သည့် ကာကွယ်ရေးအမြင် ရှိရမည်ဟူသော အချက်နှင့် ကိုက်ညီသူလည်း ဖြစ်သည်။

သို့ရာတွင် နိုင်ငံရေးအကျဉ်းသားအဖြစ် ကာလကြာရှည် ဖမ်းဆီးခံခဲ့ရသော ဦးတင်ဦးသည် ယခုအခါတွင် အသက် ၉၀ နားနီးနေပြီဖြစ်ကာ တိုင်းပြည်ကို ဦးဆောင်လိုကြောင်း ပြသခဲ့ဖူးခြင်း မရှိသလို '' ကျွန်တော် သမ္မတ မဖြစ်ချင်ပါဘူး''ဟု ပြီးခဲ့သော နှစ်အတွင်းက ဧရာဝတီသတင်းဌာနကို ပြောကြားခဲ့ဖူးသည်။

 

၅။ ဦးရွှေမန်း

ပြုပြင်ပြောင်းလဲလိုစိတ် အရှိဆုံး အာဏာရှင် စစ်ဗိုလ်ချုပ်ဟောင်းအဖြစ် သူ၏ ယူနီဖောင်းဝတ် လုပ်ဖော်ကိုင်ဖက်များက သတ်မှတ်ထားပြီး ပြီးခဲ့သော နှစ်အတွင်းက ၎င်း၏ပါတီတွင်း၌ နှိပ်ကွပ်ခံခဲ့ရသော ဦးရွှေမန်းသည် NLD ပါတီဝင် မဟုတ်သူများထဲမှ သမ္မတဖြစ်ရန် တစ်ပေးခံရသည့် တစ်ဦးတည်းသောသူ ဖြစ်သည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်းအလဲကာလအတွင်း ပြောင်ပြောင်မြောက်မြောက် စွမ်းဆောင်ပြနိုင်ခဲ့သည့် နိုင်ငံရေးသမား တစ်ယောက်ဖြစ်သော အသက် ၆၉ နှစ်အရွယ် ဦးရွှေမန်း သည် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်အတွင်း အတူတူ တာဝန်ထမ်းဆောင်ရင်း နိုင်ငံရေး မဟာမိတ်အသွင် ဆောင်လာသူလည်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်တပ်အကြား ပေါင်းကူးတံတား ထိုးပေးပြီး ၁၀၀ ရာခိုင်နှုန်း စစ်မှန်သော ဒီမိုကရေစီ ပေါ်ထွန်းလာရန် လုပ်ဆောင်နိုင်မည့်သူအဖြစ် လေ့လာသူများက သုံးသပ်ခံရသူလည်း ဖြစ်သည်။

သို့သော် ဦးရွှေမန်းကို သမ္မတအဖြစ် တင်မြှောက်ခြင်းက NLD ၏ မဲဆန္ဒရှင်များကို မကျေမနပ် ဖြစ်စေနိုင်သလို ဒေါ်အောင်ဆန်းစုကြည်နှင့် ရင်းနှီးသည့် ဆက်ဆံရေးကြောင့် သူ့အပေါ် အမြင်မကြည်နေသော စစ်ဗိုလ်ချုပ်များကိုလည်း နှစ်သိမ့်ရာ ရောက်ဖွယ် မရှိနိုင်ချေ။

၆။ ထင်မှတ်မထားဘဲ ဖြစ်လာနိုင်သူများ

သမ္မတဖြစ်နိုင်သူအဖြစ် ရှင်းရှင်းလင်းလင်း ထိပ်ဆုံးမှ ဦးဆောင်နေသူဟူ၍ မရှိသဖြင့် အခြားဖြစ်နိုင်ချေ ရှိသူများကိုပါ လေ့လာသူများက ထည့်သွင်းတွက်ချက်လျှက်ရှိရာ NLD ပါတီ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးဝင်းထိန်နှင့် ဒေါက်တာ မျိုးအောင်တို့ကိုလည်း ထင်မှတ်မထားဘဲ သမ္မတဖြစ်လာနိုင်သူများ အဖြစ် သုံးသပ်လျှက်ရှိသည်။

ဦးဝင်းထိန်မှာ အသက်အရွယ်နှင့် ကျန်းမားရေး ပြဿနာများကြောင့် လွှတ်တော်အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည် မဟုတ်ဟု ပြီးခဲ့သောနှစ်က ပြောကြားခဲ့သူဖြစ်သော်လည်း လက်တလောတွင် ပြည်သူများအကြား၌ NLD ၏ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်အဖြစ်နှင့် ထင်ရှားလျှက်ရှိသည်။

ဒေါက်တာမျိုးအောင်မှာလည်း NLD ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် တစ်ဦးဖြစ်ပြီး သူ၏ နှိမ့်ချတတ်သော စရိုက်နှင့် နောက်ကွယ်မှ မဲဆွယ်စည်းရုံးရေး လုပ်ဆောင်မှုများကြောင့် လူသိများသူ ဖြစ်သည်။

(AFP သတင်းဌာနတွင် ဖော်ပြထားသော Suu Kyi's proxy: who will be Myanmar's next president? ကို ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly