“အငြိမ်းစား သမ္မတကြီးတွေ များများရှိတဲ့တိုင်းပြည် ဖြစ်အောင် အကောင်အထည် ဖော်မလား။”

“အငြိမ်းစား သမ္မတကြီးတွေ များများရှိတဲ့တိုင်းပြည် ဖြစ်အောင် အကောင်အထည် ဖော်မလား။”

လွှတ်တော်တွင်း ဒုသမ္မတ၊ သမ္မတ ရွေးချယ်တဲ့ လုပ်ငန်းတွေစပြီး လုပ်ကိုင်မယ့် မတ်လ ၁၀ ရက်နေ့ နီးလာလေလေ ဘယ်သူတွေ သမ္မတ၊ ဒုသမ္မတ ဖြစ်လာမလဲဆိုတာ ပြည်သူတွေက စိတ်ဝင်စား လာလေလေပါပဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ ဆိုတာ နိုင်ငံ့ အထွဋ်အထိပ် လို့ ဆိုထားလေတော့ ပြည်သူတွေ စိတ်ဝင်စားကြတာကလည်း မထူးဆန်းပါဘူး။ တဖက်မှာလည်း ဒုသမ္မတ နှစ်ယောက် ရွေးချယ်ပိုင်ခွင့် ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဘက်က သူတို့ တင်မယ့် သမ္မတ နဲ့ ဒုသမ္မတ လောင်း နာမည်စာရင်းကို အထူးလျှို့ဝှက်ထားလေတော့ သတင်းအမှန် သိရဖို့ ခက်ခဲနေပါတယ်။ ဒီအခါ စာစောင်ရောင်းကောင်းဖို့လောက်ကိုပဲ ဦးတည်ချက်ထားတဲ့ သတင်းစာ၊ ဂျာနယ်တွေကလည်း အတည်မပြုနိုင်တဲ့ သတင်းတွေ၊ ကိုယ့်ဖာသာကိုယ် ဖန်တီးထားတဲ့ သတင်းတွေ၊ ဗေဒင်လိုလို ကောလာဟလလိုလို သတင်းတွေနဲ့ ရေးသားဖော်ပြကြတဲ့အခါ ပြည်သူတွေ ပိုပြီး ဝေေ၀ဝါးဝါး ဖြစ်ကြရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ သမ္မတ တစ်ယောက်ကို ခန့်အပ်နိုင်၊ ဖြုတ်ချနိုင်ခွင့်ဟာ ပြည်ထောင်စု လွှတ်တော်၊ တစ်နည်းအားဖြင့် ပြည်ထောင်စု လွှတ်တော်ကို လွှမ်းမိုးထားတဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အင်န်အယ်လ်ဒီ၊ အင်န်အယ်လ်ဒီ ကို ဦးဆောင်မောင်းနှင်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် လက်ထဲမှာ ငါးနှစ်တာကာလပတ်လုံး ရှိနေမှာမို့ လတ်တလော ဘယ်သူ့ကို သမ္မတ တင်တင် စိတ်ပူပန်စရာ အကြောင်းမရှိပါဘူး။ ဒီ သမ္မတ တစ်ယောက်ကို မကြိုက်ရင် နောက် သမ္မတ တစ်ယောက်ကို လွယ်လွယ်ကူကူ လဲနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်သာ ဆန္ဒရှိမယ် ဆိုရင် ခြောက်လတစ်ကြိမ်လောက် သမ္မတ တင်မြှောက်လို့တောင် ရပါတယ်။ ဒီကနေ့ ဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြသနာက ဖွဲ့စည်းပုံ အခြေခံဥပဒေကပဲ စတာပါ။ လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ တာဝန် ထမ်းဆောင်လို့ မရအောင် တမင်ကြံရွယ်ရေးဆွဲထားခဲ့တာဖြစ် ပါတယ်။ ဒါကြောင့်လည်း တစ်တိုင်း တစ်ပြည်လုံး၊ ပြည်သူလူထု အများစုကြီးက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံ့အထွဋ်အထိပ် သမ္မတ အဖြစ် မြင်လိုတဲ့တိုင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတ တာဝန် ယူမရ ဖြစ်နေတာပါ။ ဒီအတွက် အစိုးရအဖွဲ့ကို ခေါင်းဆောင်မယ်လို့ ဆိုထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ကို ကူညီမယ့်သူတွေကို သမ္မတနဲ့ ဒုသမ္မတ ခန့်အပ်နိုင်ဖို့ ကြိုးစားရပါမယ်။ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်လို့ မပြီးမချင်း ခုလို အခြေအနေအတိုင်း သွားရမှာဖြစ်ပါတယ်။

ဒီအခါ ဒေါ်အောင်ဆန်းစုကြည်ဘက်က စဉ်းစားစရာတွေ ရှိလာပါလိမ့်မယ်။ ဘယ်လိုလူမျိုးကို သမ္မတ ခန့်မှာလဲ။ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မဆန့်ကျင်သေးသ၍ လက်ညှိုးထောင်ခေါင်းညှိမ့် သာမန် လူတစ်ယောက်ကို သမ္မတ ရာထူး ခန့်အပ်လိုက်ရင်လည်း ရပါတယ်။ ဒါမှမဟုတ် တိုင်းပြည်ရဲ့ အထွဋ်အထိပ် နံပတ်(၁) ရာထူးဖြစ်တာကြောင့် လူရိုသေ ရှင်ရိုသေ အရည်အချင်းလည်း တစ်စုံတစ်ရာ ရှိသူတစ်ယောက်ကို ခန့်အပ်မယ် ဆိုရင်လည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဖြစ်လာသူဟာ သူ့အနေနဲ့ ဖွဲ့စည်းပုံ အကြပ်အတည်းကြောင့်သာ သမ္မတ တာဝန်ယူရတာ၊ သူ့ရဲ့ အဓိက တာဝန်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီဖို့ဖြစ်တယ်၊ ဘာကိစ္စမဆို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဆုံးအဖြတ်ကို ခံယူရမယ် ဆိုတဲ့ စိတ်ထားမျိုး ရှိဖို့တော့ လိုအပ်ပါတယ်။

ဒါမှသာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တည်တည်ငြိမ်ငြိမ် ရှိမှာ ဖြစ်သလို၊ လွှတ်တော်ဘက်ကလည်း အိန္ဒြေရရ အလုပ်လုပ်နိုင်မှာပါ။ ဖွဲ့စည်းပုံရဲ့ အဲဒီ အားနည်းချက်ကို ပြည်သူတွေ၊ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ နိုင်ငံတကာကို လက်တွေ့ကျကျ ပြသနိုင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ နောက်ထပ် အစီအစဉ် တစ်မျိုး လုပ်နိုင်ပါသေးတယ်။ အဲဒါကတော့ သမ္မတ ကို နားလည်မှုနဲ့ အချိန်ကာလ တစ်ခု သတ်မှတ်ပြီး တစ်ယောက်ပြီး တစ်ယောက် ခန့်အပ်စေတာမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် ပထမ ဦးဆုံး သမ္မတ တစ်ယောက်ကို (၆) လ နားလည်မှုနဲ့ ကာလသတ်မှတ် ခန့်အပ်နိုင်ပါတယ်။ ဒီ သမ္မတဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ခံယူပြီး အလုပ်လုပ်ပါမယ်။ ပြီးရင် (၆) လပြည့်တာနဲ့ ကိုယ့်သဘောနဲ့ကိုယ် နှုတ်ထွက်ပြီး အငြိမ်းစားယူ လိုက်ရုံပါပဲ။ ဒီအခါ ဖွဲ့စည်းပုံအရ ဒုသမ္မတ (၁) က ယာယီ သမ္မတ ဖြစ်လာပြီး ဒုသမ္မတ တစ်ယောက် ထပ်တင်၊ နောက်တစ်ကြိမ် သမ္မတ ရွေးချယ်ပွဲ ထပ်လုပ်ရပါမယ်။ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ အမတ်က အများစုမို့ အင်န်အယ်လ်ဒီက တင်မယ့် တစ်ယောက်ယောက်ပဲ သမ္မတ ဖြစ်လာဦးမှာပါ။ ဒီလိုနည်းနဲ့ အင်န်အယ်လ်ဒီ က တင်မယ့် သမ္မတ တစ်ယောက်မက ရှိလာမှာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရအဖွဲ့အနေနဲ့ အစိုးရလုပ်ငန်းတာဝန်တွေကို တည်တည်ငြိမ်ငြိမ် ထမ်းဆောင်နိုင်ပြီဆို ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးစားလို့ ရပါတယ်။ စေ့စပ်ညှိနှိုင်းတဲ့နည်း၊ ပြည်သူလူထု အကူအညီ ရယူတဲ့နည်း စသဖြင့် ငြိမ်းချမ်းတဲ့ နည်းပေါင်းစုံနဲ့ ကြိုးစားလို့ရပါတယ်။ ဒီအခါ သမ္မတ တစ်ယောက်ပြီး တစ်ယောက် လဲနေရတဲ့ ကိစ္စကိုလည်း ညွှန်ပြလို့ ရပါတယ်။ ဖွဲ့စည်းပုံ ပြင်အပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ပြီဆိုရင် တည်ငြိမ်တဲ့ သမ္မတ ဖြစ်လာပါလိမ့်မယ်။

အဲဒီလိုလုပ်ရင် ဒေါ်စု သမ္မတ မဖြစ်ခင် စပ်ကြား အင်န်အယ်လ်ဒီ အနေနဲ့ အငြိမ်းစား ဂုဏ်ထူးဆောင် သမ္မတ တွေ အများကြီး မွေးထုတ်နိုင်ပါလိမ့်မယ်။ ကာလတိုလေး အတွင်းမှာ အငြိမ်းစားသမ္မတကြီး သူရဦးတင်ဦး၊ အငြိမ်းစားသမ္မတကြီး ဦးဝင်းထိန်၊ အငြိမ်းစားသမ္မတကြီး ဦးဉာဏ်ဝင်း၊ အငြိမ်းစားသမ္မတကြီး ဦးထင်ကျော်၊ အငြိမ်းစားသမ္မတကြီး ဒေါက်တာမျိုးအောင် စသဖြင့် ပေါ်ပေါက်လာမှာ ဖြစ်ပါ တယ်။ တိုင်းပြည်အတွက် အလုပ်လုပ်ခဲ့သူတွေကို တစ်နည်းတစ်လမ်းအားဖြင့် ချီးမြှောက်ရာလည်း ရောက်ပါတယ်။ နောက်ပြီး တပ်မတော် ခေါင်းဆောင်တွေ အလွန်အလေးထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့လည်း ညီညွတ်တာမို့ အငြိမ်းစားသမ္မတကြီးတွေ အများကြီးရှိတဲ့ ပျော်စရာ တိုင်းပြည်ကြီးတောင် ဖြစ်လာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly