အာဖဂန်နစ္စတန်တွင် တည်ငြိမ်မှုရှိရေးနှင့် တိုးတက်ရေးက အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားခြင်း အပေါ် မူတည်ဟု အမေရိကန်သံတမန် ပြော

By Latestly
17 December 2022
အာဖဂန်နစ္စတန်တွင် တည်ငြိမ်မှုရှိရေးနှင့် တိုးတက်ရေးက အမျိုးသမီးများ၏ အခွင့်အရေးကို လေးစားခြင်း အပေါ် မူတည်ဟု အမေရိကန်သံတမန် ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေစဉ် အဆိုပါနိုင်ငံ၌ အမျိုးသမီးများ၏ အခွင့်အရေးများကို လေးစားတန်ဖိုးထားရေး အာဖဂန်ဆိုင်ရာ အမေရိကန်အထူးသံတမန် သောမတ်စ် ဝက်စ်က တောင်းဆိုလိုက်သည်။ ထို့ပြင် စစ်ဒဏ်သင့် အာဖဂန်နစ္စတန်နိုင်ငံ၏ တည်ငြိမ်မှုက အမျိုးသမီးများ၏ လွတ်လပ်မှုအပေါ် မူတည်နေသည်ဟု အမေရိကန်သံတမန်က အခိုင်အမာ ပြောကြောင်း Khaama Press က ဒီဇင်ဘာ ၈ ရက်က ဖော်ပြသည်။

အမေရိကန်အထူးသံတမန် သောမက်စ် ဝက်စ်သည် ယူအေအီးနိုင်ငံ၌ အာဖဂန် ကြားဖြတ်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။ တည်ငြိမ်မှုရှိစေရေးနှင့် ကြီးပွား ချမ်းသာစေရေးက အမျိုးသမီးများ၏ အခွင့်အရေးများအပေါ် လေးစားခြင်းအပေါ် မူတည်ကြောင်း ၎င်းက ပြောသည်။

သောမက်စ် ဝက်စ်သည် တာလီဘန်တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် အိုင်အက်စ် (ISIS) နှင့် အခြားသော အကြမ်းဖက်အဖွဲ့များအပေါ် နှိမ်နင်းတိုက်ခိုက်ရေးကဲ့သို့ လုံခြုံရေးကိစ္စများနှင့်ပတ်သက်၍လည်း ဆွေးနွေး ခဲ့သည်။

အမေရိကန်အနေဖြင့် နိုင်ငံ၏ အကျိုးစီးပွားနှင့် လုံခြုံရေးကို ကာကွယ်ရန် အကြမ်းဖက်အဖွဲ့များကို ဆက်လက်အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သောမက်စ် ဝက်စ်က ပြောသည်ဟု Khaama Press က ကိုးကား ဖော်ပြသည်။

တာလီဘန်တို့သည် ၂၀၂၁ ခုနှစ်က အာဖဂန်နစ္စတန်ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒီဇင်ဘာ ၇ ရက်က လူတစ်ဦးကို လူမြင်ကွင်းရှေ့ ကွပ်မျက်ခဲ့သည် ဖြစ်ရာ ထိုလုပ်ရပ်အရ တာလီဘန်အဖွဲ့က အာဖဂန်ပြည်သူများအပေါ် မည်သို့မည်ပုံ ဆက်ဆံနေသည် ဆိုသည်ကို ပြသနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required