တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်း

တောင်ကိုရီးယားက မြောက်ကိုရီးယားအပေါ် နောက်ထပ်ဒဏ်ခတ်အရေးယူမှုများ ပြဋ္ဌာန်း

ဆိုးလ်၊ မတ် ၈ ။            ။ မတ် ၈ က တောင်ကိုရီးယားသည် မြောက်ကိုရီးယားအပေါ် နောက်ထပ်တစ်ဘက်သတ်အရေးယူပိတ်ဆို့မှုများ ပြဋ္ဌာန်းလိုက်ရာ ယင်းတို့အထဲတွင် ပြည်ပရှိ မြောက်ကိုရီးယား စားသောက်ဆိုင်များကို တောင်ကိုရီးယားနိုင်ငံသားများက သပိတ်မှောက်ရန်လည်း ပါဝင်သည်။

မကြာသေးခင်က မြောက်ကိုရီးယား၏ နျူကလီးယားစမ်းသပ်မှုနှင့် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုတို့ကြောင့် ပြဋ္ဌာန်းလိုက်သော အသစ်ပိတ်ဆို့မှုများက မြောက်ကိုရီးယားနိုင်ငံ သားများစွာနှင့် မြောက်ကိုရီးယားနိုင်ငံသားများပိုင်အဆောက်အဦများကို အမည်ပျက်စာရင်းသွင်းသည်။

ထို့အပြင် တောင်ကိုရီးယားရေပိုင်နက်မှ မြောက်ကိုရီးယားဆိပ်ကမ်းများတွင် ဆိုက်ကပ်သော သင်္ဘောများကိုလည်း ပိတ်ပင်မည်ဖြစ်သည်။ ယင်းပိတ်ဆို့မှုများက လွန်ခဲ့သည့်သီတင်းပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ခဲ့သော ပြင်းထန်သည့် ပိတ်ဆို့မှုများကို လိုက်နာခြင်းလည်းဖြစ်သည်။

ယခုကဲ့သို့ပိတ်ဆို့မှုကြောင့် ပြုံယမ်းက ဒေါသထွက်လာဖွယ်ရှိသည်။ ဆိုးလ်သည် လွန်ခဲ့သည့်လက ပူးတွဲကေဆောင်စက်မှုဇုန်ကိုလည်း ပိတ်ခဲ့သည်။ မတ် ၈ ကပိတ်ဆို့မှုများက မြောက်ကိုရီးယား အပေါ်ပိတ်ဆို့မှုကို နောက်ထပ်ပြင်းထန်စေမည်ဖြစ်သည်ဟု အစိုးရက ထုတ်ပြန်သည်။

မြောက်ကိုရီးယားအစိုးရသို့ နိုင်ငံခြားငွေစီးဆင်းမှုကို ပိတ်ဆို့ရန် ရည်ရွယ်သော ပိတ်ဆို့မှုတွင် ပြည်ပရှိ မြောက်ကိုရီးယားစီးပွားရေး လုပ်ငန်းများနှင့် တောင်ကိုရီးယားနိုင်ငံသားများ ဝေးဝေးနေရန် တောင်းဆိုသည်။

ပြည်ပရှိ မြောက်ကိုရီးယားစားသောက်ဆိုင်များက မြောက်ကိုရီးယားအစိုးရအတွက် နိုင်ငံခြားငွေရရှိစေနိုင်၍ ယင်းဆိုင်များနှင့် ဝေးဝေးနေရန် တောင်ကိုရီးယားပြည်သူများကို တောင်းဆိုကြောင်း တောင်ကိုရီးယား၏ အစိုးရပေါ်လစီညိနှိုင်းရေးရုံးအကြီးအကဲ လီဆပ်ဂျွန်းက ပြောသည်။ ပြုံယမ်းသည် ပြည်ပနိုင်ငံ ၁၂နိုင်ငံရှိ စားသောက်ဆိုင် ၁၃၀ခန့်မှ နှစ်စဉ်ဒေါ်လာ ၁၀ သန်းခန့်ရရှိနေသည်ဟု တောင်ကိုရီးယားအစိုးရက ခန့်မှန်းထားသည်။

ဆိုးလ်သည် မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များတွင် ပါဝင်သော လူပုဂ္ဂိုလ် ၄၀နှင့် အဖွဲ့အစည်း ၃၀ကိုလည်း အမည်ပျက်စာရင်းသွင်းသည်။ ၎င်းတို့အထဲတွင် တတိယနိုင်ငံတစ်ခုမှ လူပုဂ္ဂိုလ် နှစ်ဦးနှင့် အဖွဲ့အစည်းခြောက်ခုပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly