အယ်လ်နီညိုရာသီတွင် သက်တမ်းတိုသီးနှံများ စိုက််ပျိုးနိုင်ရေး ဆောင်ရွက််သွားမည်

အယ်လ်နီညိုရာသီတွင် သက်တမ်းတိုသီးနှံများ စိုက််ပျိုးနိုင်ရေး ဆောင်ရွက််သွားမည်

မကွေး မတ်လ ၈ ။             ။ သောက်သုံးရေနှင့်စိုက်ပျိုးရေ ရှားပါးမှုအခက်အခဲများ ကြုံတွေ့လာနိုင်သည့် အပူအားပြင်းသော အယ်လ်နီညိုရာသီ၌ သက်တမ်းရင့် (စပါး ၊နှမ်း၊ ပဲတီစိမ်း) မျိုးများနေရာတွင် သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသောမျိုးစေ့များ အစားထိုး စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်လျှက်ရှိကြောင်း မကွေးတိုင်းဒေသကြီး၊စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သက်တမ်းတိုပြီး၊အထွက်နှုန်း ကောင်းသောမျိုးစေ့များ အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ပွင့်ဖြူ မျိုးသန့်ခြံတွင် မျိုးစပါးတင်း(၄၀၀၀)ခန့် သိုလှောင်ထားကြောင်း၊ မကွေးတိုင်းအတွင်းရှိ ၂၅ မြို့နယ် တွင်လည်း တင်း(၂၀၀/၃၀၀)ခန့်စီ အသင့်သိုလှောင်ထားပြီးဖြစ်ကြောင်း မကွေးတိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးခင်မောင်ဝင်းက ပြောသည်။

သိုလှောင်ထားသည့်မျိုးစေ့များမှာ "ရတနာတိုး၊ဆင်းသုခ"တို့ကဲ့သို့ သက်တမ်းတိုစပါးမျိုးများအပြင် ပဲတီစိမ်း (ရက်(၆၀)မျိုး)၊နှမ်းအတွက် ဆင်းရတနာ-၃၊စမှုံနက်နှမ်း စသောသီးနှံမျိုးများကို အကျိုးဆောင်တောင်သူများနှင့် ပူးပေါင်းပြီး မျိုးစေ့ထုတ်သိုလှောင်ထားခြင်းဖြစ်သောကြောင့် အဆိုပါသက်တမ်းတိုမျိုးစေ့များကိုစိုက်ပျိုးလျှင် စိုက်ပျိုး ရေလိုအပ်ချက်ကို လျော့ချနိုင်သကဲ့သို့ အထွက်နှုန်းမကောင်းမှာကိုလည်း စိတ်ပူစရာမရှိဟု ၎င်းက ဆက်၍ပြောသည်။

ယခင်က နွေစပါးတစ်ဧကအတွက် ရေ(၆ ဧကပေ)အသုံးပြုသော်လည်း ယခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် ရေခန်းခြောက်နိုင်သဖြင့် နွေစပါးတစ်ဧကအတွက် စိုက်ပျိုးရေ(၈ ဧကပေ)အသုံးပြုနိုင်ရန် ဆည်မြောင်းဦးစီးဌာနနှင့် ညိုနှိုင်းဆောင်ရွက်သွားမည်ဖြစ်သည်။

"အယ်လ်နီညိုဖြစ်စဉ်ကြောင့် မြေအောက်ရေတွေနိမ့်ကျပြီး ရေတွင်းများခမ်းခြောက်နိုင်တဲ့အတွက် လျှပ်စစ်မြစ်ရေ တင်နဲ့ဆည်မြောင်းတွေကနေ စိုက်ပျိုးရေလုံလောက်အောင်လွှတ်ပေးနိုင်မယ်ဆိုရင် Water level တွေနိမ့်ကျတာကို ကာကွယ်နိုင်ပြီး စိုက်ပျိုးရေး ရေပေးစနစ်(တူးမြောင်းစနစ်၊လယ်ကြားမြောင်း စနစ်တွေ)ကောင်းမွန်ဖို့ တောင်သူ တစ်ဦးနှင့်တစ်ဦးကြား ရေအလဟသမဖြစ်ရန်အတွက် တောင်သူတွေပူးပေါင်ဆောင်ရွက်ကြဖို့လည်း လိုအပ်ပါ တယ်"-ဟု စိုက်ပျိုးရေးကျွမ်းကျင်သူတောင်သူတစ်ဦးက ပြောသည်။

သီးနံှစိုက်ပျိုးသည့်အခါ ရေအနည်းငယ်သာလိုအပ်သည့် သက်လျင်သီးနှံ (သက်တမ်းတိုး၊ရတနာတိုး၊ရက်၉၀စပါး)ပျိုး ထောင်ပြီးစိုက်ပျိုးရန် ရေဖျာ(မြောင်းဖျာ)ရေရရှိမှုနည်းပါးသည့် နေရာများတွင်လည်း သက်တမ်းတို (နွေနှမ်း၊ ပဲတီစိမ်း၊နေကြာ)သီးနှံမျိုးများကို ရွေးချယ်စိုက်ရန်လိုအပ်ကြောင်း မကွေးတိုင်ဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်းက အကြံပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီး၊စိုက်ပျိုးရေးဌာနအနေဖြင့် တောင်သူပညာပေးစည်းရုံးခြင်း လုပ်ငန်းများဆောင်ရွက်လျှက် ရှိပြီး အကျိုးဆောင်တောင်သူများထံမှ ဝယ်ရင်းဈေးအတိုင်း မျိုးစေ့ပံ့ပိုးခြင်း၊စိုက်ပျိုးရေးနည်းပညာအကူအညီပေး ခြင်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

တောင်သူဦးကြီးများအတွက် ၂၀၁၆ ခုနှစ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်နိုင်မှုအပေါ် လိုက်နာ ဆောင်ရွက်ရန် နှိုးဆော်ချက်(၉)ချက်ပါသည့် အလျား(၆)ပေအနံ(၃)ပေရှိ ဗီနိုင်းဆိုင်းဘုတ်များကိုလည်း မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်၊ကျေးရွာအနှံ့ စိုက်ထူထားကြောင်းရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly