သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အစစ်ဆေးခံရန်ငြင်းဆို

သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များ အစစ်ဆေးခံရန်ငြင်းဆို

စစ်တွေ၊ မတ် ၈ ရက် ။               ။ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် မတ် ၆ ရက်နေ့က ပြုလုပ်ခဲ့သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ပါတီ၏ စည်းကမ်းဥပဒေအရ စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် မတ် ၇ ရက်နေ့တွင် ပါတီဗဟိုဌာနချူပ်က ဆင့်ခေါ်ခဲ့သော်လည်း့် လာရောက်စစ်ဆေးခံမည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။

"သူတို့ စာထုတ်တာကို အွန်လိုင်းပေါ်မှာတော့ တွေ့တယ်။ ဒါပေမယ့် ဆင့်ခေါ်စာကို ကျွန်တော်တို့ဆီကို တရားဝင် ရောက်ရှိတာ မဟုတ်ဘူး။ ဒါ့ကြောင့် သွားရောက် စစ်ဆေးခံစရာ မလိုပါဘူး။" ဟု သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သော ၆ ဦးတွင် ပါဝင်သူ ဦးလှမြင့်က ပြောသည်။

သတင်းစာရှင်းလင်းပွဲပြုလုပ်မှုသည် တရားမဝင်ကြောင်းနှင့် ပါတီ၏ စည်းကမ်းဥပဒေအရ အရေးယူနိုင်ရန် ရခိုင်အမျိုးသားပါတီ၏ RNDP အဖွဲ့ဝင်များဖြစ်သော ဦးဖိုးမင်း (လက်ရှိ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ) နှင့် ဒေါ်အေးနုစိန်၊ ဦးတင်ညို၊ ဦးဖေသန်းနှင့် ဦးမောင်မောင် စသည့် အဖွဲ့ဝင် ၅ ဦးပါ စုံစမ်းစစ်ရေးကော်မရှင်တစ်ရပ်ကို မတ် ၇ ရက်နေ့က ဖွဲ့စည်းခဲ့သည်။

ယခု ကော်မရှင်သည် တစ်ဘက်သတ်ဖြစ်နေသဖြင့် လက်မခံနိုင်ကြောင်း ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ယခင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ဗဟိုအလုပ်အမှုဆောင် ဦးမျိုးကျော်က ပြောကြားခဲ့သည်။

“ပါတီတွင်း မျှတမှန်ကန်မူ မရှိတာမို့ ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ကို စစ်ဆေးမယ့် ပုဂ္ဂိုလ်တွေကို ပြန်ပြီး စစ်ဆေးသင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဆရာတော်ကြီးတွေ၊ လူမူအဖွဲ့အစည်းတွေနဲ့ ရခိုင် ရပ်မိရပ်ဖတွေရှေ့မှာ ပါတီထဲက နှစ်ဖက်လုံးကို မျှမျှတတ မှန်မှန်ကန်ကန် စစ်ဆေးမယ့်ဆိုရင်ဖြေရှင်းဖို့ အဆင်သင့်ပါပဲ။ သူတို့ စစ်ဆေးတာကိုတော့ လက်မခံပါဘူး။"ဟု ဦးမျိုးကျော် ကဆိုသည်။

စစ်ဆေးခံရန် ခေါ်ယူခြင်း ခံခဲ့ရသော ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်  ၆ ဦးမှာ ဦးကျော်မြင့်၊ ဦးလှမြင့်၊ ဦးမျိုးကျော်၊ ဦးမျိုးဆွေ၊ ဦးထွန်းရွေသိန်းနှင့် ဦးသန်းနိုင်မြင့်တို့ ဖြစ်ပြီး ၎င်းတို့မှာ ရခိုင်အမျိုးသားပါတီ(ANP ) နှင့် ပူးပေါင်းရာတွင် ပါဝင်ခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALD ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များလည်း ဖြစ်ကာ ANP က ထုတ်ပြန်ခဲ့သော ၁/၂၀၁၆ နှင့် ၂/၂၀၁၆ ကြေညာချက်များကို လက်မခံကြောင်း မတ် ၆ ရက်နေ့က သတင်းစာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားပါတီ ANP ၏ထုတ်ပြန်ချက် (၁/ ၂၀၁၆)တွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့အား ဦးဆောင် ဖွဲ့စည်းခွင့်မရပါက  အတိုက်အခံအဖြစ်ရပ်တည် သွားမည်ဖြစ်ကြောင်းနှင့် (၂/၂၀၁၆)  ညီညွတ်သော တိုင်းရင်းသားလူမျိုးစုများမဟာမိတ် (UNA) နှင့် မဟာမိတ်ရပ်စဲပြီး ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း (NBF) နှင့် ပူးပေါင်းကြောင်း ကြေညာချက်များအပေါ် AND ဖက်မှ သဘောထား မပါဝင်ခဲ့ ကြောင်း ပါတီခေါင်းဆောင်များက ကြေညာထားသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် ALDနှင့် ရခိုင်အမျိုးသားတိုးတက်ရေးပါတီ RNDP တို့ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီ (ANP)ကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး ANPပါတီဗဟိုကော်မတီဝင်အဖွဲ့ ၃၉ ဦးတွင် RNDP မှ ၃၂ ဦးနှင့် ALD မှ ၇  ဦးပါဝင်သည်။

စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ ဒုခေါင်းဆောင် ဒေါ်အေးနုစိန်က “ပါတီရဲ့ ဖွဲ့စည်းပုံပါအတိုင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ လုပ်နည်းလုပ်ဟန် အဆင့်ဆင့်တိုင်းပဲ သွားရာမှာ။ ထုတ်ပြန်ချက်က ပါတီရဲ့ တရားဝင် ထုတ်ပြန်ချက်ဖြစ်တယ်။ ပါတီရဲ့ စည်းကမ်းဥပဒေကို ဘယ်သူမဆိုလိုက်နာရမှာပဲလေ” ဟု ဖြေကြားခဲ့သည်။

ရခိုင်အမျိုးသားပါတီ၏ စည်းကမ်းထိမ်းသိမ်းရေးကော်မတီ ခေါင်းဆောင် ဦးခိုင်ပြည်စိုးက “သူတို့ သတင်းစာ ရှင်းလင်းပွဲပြုလုပ်တာတို့၊ ကြေညာချက်ထုတ်ပြန်တာတို့ဟာ ကျနော်တို့ကို အသိမပေးခဲ့ဘူး၊ လူပုဂ္ဂိုလ်သုံးလေးဦးရဲ့ ဆန္ဒနဲ့ ပြုလုပ်တာပဲဖြစ်တယ်၊ ဒီကိစ္စရပ်အပေါ် ကျနော်တို့ ပါတီတွင်း CEC အစည်းဝေးပြုလုပ်ပြီး၊ အစည်းဝေးရဲ့ဆုံးဖြတ်ချက်အရ သူတို့ကိုအရေးယူဖို့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ထားပြီးပါပြီ။ စစ်ဆေးပြီးရင် အရေးယူဖို့ ပြုလုပ်သွားမှာပါ ။ အမြင့်ဆုံးပြစ်ဒဏ်က ပါတီက ထုတ်ပယ်နိုင်ပါတယ်။ ဒါကို ပျက်ကွက်တယ်ဆိုရင် ပါတီရဲ့ စည်းကမ်းဥပဒေအရ အဆင့်ဆင့် အရေးယူရမှာ ဖြစ်ပါတယ်။”ဟုဆိုသည်။

အလုပ်အမှုဆောင်ကော်မတီနှင့် ပါတီတွင်း ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် လူများစုက လူနည်းစု၏ သဘောထားကို သွေဖီများ အကြိမ်ကြိမ်ပြုလုပ်လာတာကြောင့် ယခုလို သတင်းစာရှင်းလင်းပွဲ ပြုလုပ် ရခြင်း ဖြစ်ကြောင်း ALD အဖွဲ့ဝင်များက ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly