ရှင်ကျန်းဒေသမှ ကားထုတ်လုပ်မှုများ ရွှေ့ပြောင်းရန် UAW တောင်းဆို

ရှင်ကျန်းဒေသမှ ကားထုတ်လုပ်မှုများ ရွှေ့ပြောင်းရန် UAW တောင်းဆို

နာမည်ကြီးကားကုမ္ပဏီအားလုံးနီးပါးသည် အဓမ္မလုပ်အားပေးခိုင်းစေမှုဖြင့် ပစ္စည်းများ ထုတ်လုပ်နေကြောင်း အစီရင်ခံစာတစ်ရပ်ထွက်ပေါ်လာပြီးနောက် ညီညွတ်သောမော်တော်ယာဉ်လုပ်သားများ သမဂ္ဂ (UAW) က တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှ ကားပစ္စည်းထုတ်လုပ်ဖြန့်ချိရေးလုပ်ငန်းစဉ် တစ်ခုလုံးရွှေ့ပြောင်းကြရန် ကားထုတ်လုပ်သူများအား တောင်းဆိုလိုက်သည်။

ဝီဂါမွတ်စလင်လူနည်းစုပေါ် တရုတ်အစိုးရ၏ ပြုမူဆက်ဆံမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ပြဋ္ဌာန်းလိုက်သည့် ရှင်ကျန်းမှ အဓမ္မလုပ်အားဖြင့်ပြုလုပ်သော ပစ္စည်းများတင်ပို့မှုတားမြစ်ရေး ဥပဒေသည် ဇွန်လက စတင်အသက်ဝင်ခဲ့သည်။

“ဝီဂါဒေသအပြင်ဘက် အလုပ်သမား၊ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်တဲ့ နေရာတွေမှာ ကားထုတ်လုပ်မှုလုပ်ငန်းတွေ စတင်ဖို့ အချိန်ကျပါပြီ” ဟု UAW ဥက္ကဋ္ဌ ရေးကာရီက ပြောကြားခဲ့သည်။

ရှင်ကျန်းတွင် ထုတ်လုပ်သည့် သံမဏိ၊ အလူမီနီယမ်၊ ကြေးနီ၊ ဘက်ထရီ၊ အီလက်ထရွန်းနစ်နှင့် အခြားအစိတ်အပိုင်းများကို ကားထုတ်လုပ်မှုနယ်ပယ်တွင် အသုံးပြုနေကြကြောင်း ရေးသားထားသည့် ဗြိတိန် ရှက်ဖီးဟော်လန်တက္ကသိုလ်မှ သုတေသနပညာရှင်များ ထုတ်ပြန်သော အစီရင်ခံစာသစ်ကို UAW က ကိုးကားထောက်ပြခဲ့သည်။

"ကုန်ကြမ်းတူးဖော် ထုတ်လုပ်တာကစလို့ မော်တော်ယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်တဲ့အထိကားရဲ့ အစိတ်အပိုင်းတွေဟာ ဝီဂါတွေရဲ့ အဓမ္မခိုင်းစေမှုလုပ်အားနဲ့ ကင်းစေဖို့ သေချာစိစစ်ရပါမယ်” ဟု အစီရင်ခံစာ၌ ဖော်ပြထားသည်။

ရှင်ကျန်းတွင် အဓမ္မစေခိုင်းမှုမရှိကြောင်း တရုတ်အစိုးရက ငြင်းဆိုထားပြီး အကြမ်းဖက်မှု၊ ခွဲထွက်မှုနှင့် ဘာသာရေးအစွန်းရောက်ဝါဒကို တားဆီးရန် အသက်မွေးဝမ်းကျောင်း လေ့ကျင့်ရေးစင်တာများသာ ထူထောင်ထားကြောင်း ပြောကြားခဲ့သည်။

General Motors ၊ Toyota Motor၊ Volkswagen၊ Hyundai Motor နှင့် အခြားသော မော်တော်ကား ထုတ်လုပ်သူများကို ကိုယ်စားပြုသည့် အမေရိကန်ကုန်သွယ်မှုအသင်းAlliance of Automotive Innovationက

ရှင်ကျန်းဒေသမှ ကားထုတ်လုပ်မှုများ ထွက်ခွာရေးတောင်းဆိုချက်နှင့်ပတ်သက်၍ မှတ်ချက်တစ်စုံတစ်ရာမပြုခဲ့ပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly