အမေရိကန်လေကြောင်း တိုက်ခိုက်မှု ဆိုမာလီစစ်သွေးကြွ ၁၅၀ ကျော်သေဆုံး

အမေရိကန်လေကြောင်း တိုက်ခိုက်မှု ဆိုမာလီစစ်သွေးကြွ ၁၅၀ ကျော်သေဆုံး

ဆိုမာလီယာ၊ မတ် ၈ ။          ။ ဆိုမာလီနိုင်ငံတွင် အမေရိကန်၏ လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်တည်းအတွင်း အယ်ရှာဘတ်စစ်သွေးကြွ ၁၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့ကြောင်း ပင်တဂွန်က ပြောသည်။

အကြီးစားတိုက်ခိုက်မှုကို စီစဉ်ထားသည့် လေ့ကျင့်ရေးစခန်းနေရာများသို့ လေကြောင်းစီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဂျက်ဒါဗီက ပြောသည်။

“စစ်သွေးကြွတွေက အဲဒီစခန်းက ထွက်ခွာနေကြချိန်ပါ။ သူတို့က အမေရိကန်နဲ့ အာဖရိကသမဂ္ဂအတွက် တကယ့်ခြိမ်းခြောက်မှုပါပဲ။”ဟု ၎င်းက ပြောသည်။

“ပထမခန့်မှန်းရသလောက်ကတော့ စစ်သွေးကြွ ၁၅၀ ကျော်ကို သုတ်သင်နိုင်ခဲ့တယ်ဆိုတာ သိရတယ်။”ဟု ဖြည့်စွက်ဆိုသည်။

လေကြောင်းထိုးစစ်ကို ဒရုန်းများ၊ လူပေါင်းတိုက်လေယာဉ်များဖြင့် မတ် ၆ ရက်က ဆင်နွှဲခဲ့ခြင်းဖြစ်ပြီး မိုဂါဒစ်ရှုးမြို့တော်မှ မြောက်ဖက် မိုင် ၁၂၀ အကွာရှိ ရာဆိုစခန်းကို စီးနင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒါဗီက ပြောသည်။

အယ်ခိုင်ဒါလက်ခွဲ အယ်ရှာဘတ်စစ်သွေးကြွများကို ၂၀၁၁ ခုနှစ်တွင် အာဖရိကယူနီယံတပ်များက မိုဂါဒစ်ရှုးမှ တိုက်ထုတ်ခဲ့ခြင်းဖြစ်သော်လည်း ၎င်းစစ်သွေးကြွများက အနောက်အုပ်စုကျောထောက်နောက်ခံပြုသည့် အစိုးရအား ဖြုတ်ချနိုင်ရေးအတွက် တိုက်ပွဲများ မကြာခဏ ဆင်နွှဲလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly