ပြင်သစ်တွင် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင် ဆန္ဒပြ

ပြင်သစ်တွင် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန့်ကျင် ဆန္ဒပြ

ပြင်သစ်နိုင်ငံ ပါရီမြို့တွင် ဒီဇင်ဘာ ၃ ရက်ကပြုလုပ်သည့် ဆန္ဒဖော်ထုတ်ပွဲ ၂ ခုအတွင်း ဆန္ဒပြသူများက တရုတ်တွင် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ဖြေလျော့ပေးရန်နှင့် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ချမှတ်သည့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်အား နုတ်ထွက်ရန် တောင်းဆိုကြသည်။

တရုတ်အနောက်မြောက်ပိုင်း ရှင်ကျန်းဒေသရှိ မွတ်စလင် လူနည်းစုဖြစ်သည့် ဝီဂါလူမျိုးများအား လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရေး တောင်းဆိုသည့် ချီတက် ဆန္ဒပြပွဲ တစ်ရပ်ကို ဒီဇင်ဘာ ၃ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သလို တရုတ်အဖွဲ့တစ်ဖွဲ့ကလည်း စာရွက်လွတ်တော်လှန်ရေးဟု အမည်ပေးထားသည့် လူစုဝေးပွဲကို ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

ဆန္ဒပြပွဲ ၂ ခုစလုံးတွင် ဥရောပနိုင်ငံရေးသမား အများအပြားအပါအဝင် ဝီဂါ၊ တိဗက်၊ ဟောင်ကောင်၊ ဗီယက်နမ်၊ မွန်ဂိုလီးယား၊ ထိုင်ဝမ်နှင့် ပြင်သစ်တို့မှ ဆန္ဒပြသူ ၁၀ဝ ခန့် ပါဝင်ခဲ့သည်။

ရှင်ကျန်းပြည်နယ် အူရမ်ချီမြို့တွင် နိုဝင်ဘာ ၂၄ ရက်က လူသေစေခဲ့သော အဆောက်အအုံမီးလောင်မှုကြောင့် ပြည်တွင်းပြည်ပတွင် ဆန္ဒပြမှုများစွာ ပေါ်ပေါက်လာသည်။ တိုက်ခန်းအတွင်း ပိတ်မိနေသည့် လူ ၁၀ ဦး သေဆုံးခဲ့သည်ဟု တရုတ်အစိုးရက ထုတ်ပြန်ခဲ့သော်လည်း လူမှုမီဒီယာပို့စ်များနှင့် ဓာတ်ပုံများက အမှန်တကယ် သေဆုံးသူမှာ ၄၄ ဦးရှိခဲ့သည်ဟု ဆိုသည်။

တရုတ်အာဏာပိုင်များက နောက်ထပ်ဆန္ဒပြမှုများ ထပ်မံမဖြစ်ပွားစေရေး စီမံလုပ်ဆောင်ရင်း ပြီးခဲ့သည့် သီတင်းပတ်များက ကိုဗစ်လုံးဝကင်းစင်ရေး အစီအမံအချို့ကို ဖြေလျှော့ပေးခဲ့သည်။

ဥရောပဝီဂါအဖွဲ့က စီစဉ်သည့် ချီတက်ဆန္ဒပြပွဲတွင် လူ့အခွင့်အရေးတာဝန်ခံ ပါရီဒုတိယမြို့တော်ဝန် ယန် လူရိုမိုယိုက လူ့အခွင့်အရေးမြို့တာ်ဖြစ်သည့် ပါရီမြို့နှင့် ပြင်သစ်တစ်နိုင်ငံလုံးကလည်း တုံ့ပြန်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required