ပန်ကြားရေး သမ္မတ

ပန်ကြားရေး သမ္မတ

နွေနေပူပူကြီးအောက် ဖေဖော်ဝါရီလ နှောင်းပိုင်းမှာ ကဗျာဆရာကြီး မောင်လင်းယုန် (ရှမ်းပြည်) တစ်ယောက် ကောင်းကင်ဘုံကို ပျံသန်းထွက်ခွာ သွားခဲ့ပါပြီ။ နွေနေဘယ်လောက်ပူပူ ဆရာဟာ ကောင်းကင်ဘုံကို အေးချမ်းစွာ ဆိုက်ရောက်သွားမှာ အမှန်ပါ။ ဘာကြောင့်လဲဆိုတော့ ဆရာ့ဘဝတစ်လျှောက်မှာ ပြည်သူ့အကျိုး၊ ဒီမိုကရေစီအကျိုးကိုပဲ ဆောင်ရွက်ခဲ့လို့ ဖြစ် ပါတယ်။ ကောင်းရသုဂတိ လားပါစေလို့ ဆုတောင်းပေးဖို့တောင် မလိုပါဘူး။ သေရင်မြေကြီးပေါ် မှောက်သာချ ထားလိုက်၊ သူဟာနဲ့သူ မြေကြီးကို လက်နဲ့ယက်တူးပြီး အဝီဇိ ဆင်းသွားလိမ့်မယ်လို့ အပြောခံရတတ် တဲ့ အကုသိုလ်ငရဲတွေနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ပါပဲ။ ချစ်သူတွေ အသက်တိုတယ်လို့ ပြောကြပေ မယ့်လည်း ဆရာ့အသက်တော့ တိုလှတယ် မဟုတ်ပါဘူး။ သေစေချင်သူတွေ မသေနိုင်ဘဲ မသေစေ ချင်သူတွေ သေသေနေတာကတော့ အမှန်ပါပဲ၊ ဘာပဲဖြစ်ဖြစ် မောင်မှန်ဟာလည်း ဆရာကွယ်လွန်ခြင်း အတွက် ဝမ်းနည်းတသ နှမျောရပါတယ် ခင်ဗျာ။

မောင်မှန်တင်လားဆိုတော့ မကပါဘူး။ အခြားဝမ်းနည်းသူများလည်း ရှိသပေါ့။ ပြန်ကြားရေး ဝန်ကြီးဌာနတောင် ပါသေးတယ်။ ပြန်ကြားရေးဝန်ကြီးဌာနဆို အရင်က ဒီလိုမဟုတ်ဘူး။ မင်းအစိုးရ များနဲ့ နီးစပ်တဲ့ စာရေးဆရာ၊ ကဗျာဆရာများ ကွယ်လွန်တာကလွဲလို့ ကျန်စာရေးဆရာ၊ ကဗျာဆရာတွေ ကွယ်လွန်ရင် သူတို့နဲ့ ဘာမှမဆိုင်သလိုပဲ နေပါတယ်။ အထူးသဖြင့် မင်းအစိုးရများကို ပုန်ကန် ဆန့်ကျင်ခဲ့တဲ့ သူများဆို ပိုဆိုးပေါ့၊ ဝမ်းနည်းကြောင်းတွေ ဘာတွေ ထည့်ဖို့ ဝေးလို့ ဝမ်းမြောက် ကြောင်း ထည့်ကောင်းရင်တောင် ထည့်မယ့်သဘော ရှိပါတယ်။ ဒါ တစ်ချိန်ကပါ။  အခုတော့ ဒီအခြေ မဟုတ်ပါလေပြီဆိုတဲ့ တွံတေးသိန်းတန်သီချင်းလိုပဲ ခုနောက်ပိုင်း သုံးလေးနှစ်မှာ အဲဒါမျိုး မဟုတ် တော့ပါဘူး။ အနှစ်သာရ ပြောင်းတာ မပြောင်းတာ အပထား၊ အသွင်သဏ္ဍာန် ပြောင်းသွားတာတော့ အမှန်ပါ။ ဆရာ ဒဂုန်တာရာ ကွယ်လွန်တုန်းကများဆို အစိုးရအဖွဲ့ဝင်များရော၊ လွှတ်တော်ဥက္ကဋ္ဌများပါ ဝမ်းနည်းပူဆွေးကြောင်းတွေ နိုင်ငံပိုင် သတင်းစာထဲ တန်းစီထည့်ကြတာ မောင်မှန် အမှတ်ရနေ ပါသေးတယ်။ ထားပါတော့။

ဆရာမောင်လင်းယုန် ကွယ်လွန်တာ ဖေဖော်ဝါရီ ၂၆ ပါ၊ ဖေဖော်ဝါရီ ၂၇ မှာ နိုင်ငံပိုင် ကြေးမုံ သတင်းစာထဲ ဆရာကွယ်လွန်ခြင်းအတွက် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဝမ်းနည်းမှတ်တမ်း ပါလာပါတယ်။ ဝမ်းနည်းမှတ်တမ်း အောက်ခြေမှာ ဖော်ပြထားပုံက ပစောက်(ပ)ကို ရရစ်ဖြုတ်ပြီး ပန်ကြားရေး ဝန်ကြီးဌာနတဲ့၊ ဘာတွေများ ပန်ကြားပေးနေရတယ် မသိဘူး။ ဆရာအောင်ဗလ (ကြေးမုံဦးသောင်း)ရေးသလို ဖဦးထုပ်(ဖ)ကို ရရစ်ဖြုတ်ပြီး ဖစ်မှဖစ်ရလေလို့သာ ဆိုရပါတော့မယ်။

တစ်ချိန်တစ်ခါက နိုင်ငံပိုင်သတင်းစာဆိုတာ မောင်မှန်တို့ စာသမားများအတွက် စာလုံးပေါင်း သတ်ပုံကျမ်းပါပဲ၊ သတင်းစာကို စံထားကြရတာပါ။ ဒါလည်း ခုတော့ ဒီအခြေမဟုတ်ပါချေပြီ ဖြစ်သွားပြန် ပါပြီ၊ မောင်မှန်က ပြန်ကြားရေးကို ပန်ကြားရေးမှားတာလောက်ကို အကျယ်ချဲ့မျိုးတစ်ရာ လုပ်နေ တာ မဟုတ်ပါဘူး။ အခြားစာလုံးပေါင်း အမှားတွေလည်း အများကြီးပါ။ နေ့တိုင်းရှာရင် နေ့တိုင်းတွေ့မှာ အမှန်ပါ။ ဒါ့အပြင် မြန်မာသဒ္ဒါ မမှန်တဲ့ အရေးအသားတွေကိုလည်း ရံဖန်ရံခါ လေ့လာတွေ့ရှိနိုင်ပါသေး တယ်။ အရည်အသွေးကျလာတဲ့ သဘောပါပဲ။

မကြာခင်မှာ နိုင်ငံပိုင်သတင်းစာတွေ ထုတ်ဝေတာရပ်စဲတော့မလိုလို သတင်းလည်း ကြားရပါ တယ်။ ရပ်စဲသွားရင်တော့ အကြောင်းမဟုတ်ပါဘူး။ မရပ်စဲဖြစ်ရင်တော့ နိုင်ငံပိုင်သတင်းစာတွေရဲ့ အရင်စံချိန်စံညွှန်းတွေကို မီအောင် ပြန်လည်ပြုပြင် တည်ဆောက်ယူဖို့ ကောင်းပါတယ်။ ဒါ မောင်မှန် က အပြုသဘော တင်ပြတာပါ။ လက်မခံဘဲ ပန်ကြားရေးဆိုလည်း ပန်ကြားရေးပဲပေါ့။

ပန်ကြားရေးကိုထားလို့ မောင်မှန်စိတ်ထဲ ကျလိကျလိ ဖြစ်နေတာလေး ပျောက်ရလေအောင် သက်ဆိုင်ရာ တာဝန်ရှိသူများကို ပန်ကြားပါရစေဦး။ မောင်မှန်တင် မဟုတ်ပါဘူး။ ပြည်သူအားလုံး ကျလိကျလိ ဖြစ်ရတဲ့ ကိစ္စပါခင်ဗျာ၊ တခြားမဟုတ်ပါဘူး။ မောင်မှန်တို့ကို မင်းလုပ် အုပ်ချုပ်မယ့် မဟာ သမ္မတ ကိစ္စပါ။

အစောပိုင်းက NLD ထိပ်တန်းခေါင်းဆောင်အချို့ ပြောသံကြားရတယ်။ ဒေါ်အောင်ဆန်းစု ကြည် သမ္မတဖြစ်ရမယ်တဲ့။ ကောင်းပါတယ်၊ ဒီမိုကရေစီခေါင်းဆောင် သမ္မတဖြစ်တာ ဘာမကောင်းစ ရာရှိလဲ၊ ကောင်းတာပဲပေါ့။ ဒါမှမဟုတ် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုဘဲ သမ္မတအထက်မှာ နေမယ်ဆိုလည်း ကောင်းတာပါပဲ။ NLD ပါတီရဲ့ အဓိက မဏ္ဏိုင် ဒေါ်စုက ပါတီကို ထိန်းကျောင်းခွင့် တောင် ရဦးမယ်။ ဆိုလိုတာက ၂၀၀၈ ဖွဲ့စည်းပုံခွင်ထဲက ပေးသမျှအပေါ်မှာ အကောင်းဆုံး လုပ်လို့ရ တဲ့ နည်းတွေ ရှိနေတယ်ဆိုတာပါ။ ၂၀၀၈ ထဲက ၂၀၀၈ နှုတ်မရဆိုတဲ့ ဆောင်းပါး လွန်ခဲ့တဲ့ နှစ်နှစ် လောက်က မောင်မှန် ရေးခဲ့ဖူးပါတယ်။ မောင်မှန် အဲလိုပဲ ယုံပါတယ်။ အထက်ကပေးတဲ့ အကြံဟာ ၂၀၀၈ ထဲက ၂၀၀၈ နှုတ်လို့ရမယ် ထင်သူများအတွက် ပေးတဲ့အကြံသာ ဖြစ်ပါတယ်။

ဒေါ်စုနဲ့ကာချုပ် သုံးကြိမ်မြောက် တွေ့ပြီးတဲ့နောက်မှာတော့ ၅၉(စ) ဆိုင်းငံ့ရေး အသံတိတ် သွားပါတော့တယ်။ နည်းနည်းလောက် နောက်ကြောင်းပြန်ကောက် ကြည်ရအောင်ပါ။ ဒေါ်စု သမ္မတ အထက်မှာ နေမယ်ဆိုတုန်းကလည်း ဝေဖန်သံတွေ ညံခဲ့ဖူးပါတယ်။ နိုင်ငံခြားသား ဗမာ့အရေး ကျွမ်းကျင်သူ ဆရာကြီးတစ်ဦးက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ မညီဘူးလို့တောင် ပြောဆိုဖူးပါတယ်။ အံ့ရောပဲ၊ စစ်အာဏာရှင်ဟောင်းကြီး ၂၀၀၈ ဖွဲ့စည်းပုံအပေါ် ခွစီးနေတာရော ဖွဲ့စည်းပုံနဲ့ ညီသလားလို့။ ထားပါ တော။၊ သမ္မတအထက်မှာ နေခြင်း၊ မနေခြင်းဟာ ဖွဲ့စည်းပုံနဲ့ ညီမညီ ဝိုင်းဝန်းစီစစ် ငြင်းခုံလိုက်ကြတာ အချိန်အတော် ကြာသွားပါတယ်။ ပြီးတော့ လာပြန်ရော ၅၉(စ)ဆိုင်းငံ့ရေးကိစ္စ၊ ဒါလည်း ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုပြီး သမိုင်းစာအုပ်တွေ ပြန်လှန်ကြ၊ ဖွဲ့စည်းပုံစာအုပ်တွေ ပြန်ကြည့်ကြနဲ့ ရေဒီယိုတွေမှာ၊ TV မှာ စာနယ်ဇင်းမှာ အာဘောင်အာရင်းသန်သန် ပြောဆိုငြင်းခုံကြပြန်တာ အချိန်အတော် ကုန်ပြန်ပါ ရော၊ (တကယ်တော့ ၅၉(စ) ဆိုတာ ကချင်လို့ ထောင်ထားတဲ့ ဇာတ်ပါ၊ ဇာတ်မရှိရင် ဘယ်လို သွားကရမလဲ)

နောက်ဆုံးတော့ ဒေါ်စု သမ္မတမဖြစ်တာ သေချာသွားပြီ။ ဒုသမ္မတလောင်း ကြေညာမယ့်ရက် ကိုလည်း မတ် (၁၇)ထက် စောပြီး ၁၀ ရက်နေ့ကို ရွေ့လိုက်ပြီ။  ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုလည်း ပိုမိုမြင့်တက်လာခဲ့ပါပြီ။ ဒီတော့ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးအကဲခတ်တွေ၊ စာနယ်ဇင်းတွေကလည်း ခန့်မှန်းနဲ့ ပြောဆိုတာတွေ လုပ်ကြပါတော့တယ်။ သူရဦးတင်ဦးကြီးလား၊ ဒေါက်တာ တင်မျိုးဝင်းလား။ ဒေါက်တာမျိုးအောင်လား၊ ဦးထင်ကျော်လား၊ ဘာလားညာလားပေါ့လေ။ ဟိုလူက ငြင်းတာလား၊ ဒီလူ က ဒေါ်စုနဲ့ ပုဂ္ဂိုလ်ရေး ဘယ်လိုရင်းနှီးတာ အစရှိသဖြင့် ထင်တာတွေ မှန်းရပြန်ရော။ ဦးနှောက်စားတာ ပေါ့နော်။ မီဒီယာက အဘဦးတင်ဦး သမ္မတဆိုတာ ဟုတ်ပါသလားလို့ မေးတော့ NLD စပီကာ ဦးဝင်းထိန်က "ဦးတင်ဦးအစား ကျုပ်တောင်၊ ပိုတောင်ဖြစ်၊နိုင်သေးတယ်" လို့ ဖြေပါတယ်။ နောက်သ တင်းထောက်တစ်ယောက်က "အန်ကယ်ထိန်၊ ဆရာဝန်ထဲမှ ဖြစ်မှာဆို" လို့ မေးတော့ " ဆရာဝန်လား NLD မှာ လွှတ်တော်ကိုယ်စားလှယ်ထဲမှာ ဆရာဝန် ၇၀ လောက်ရှိတယ်၊ ခင်ဗျားအဲဒါလှည့် ဒါမျိုး နံထောက်" ဆိုပြီး နံကြားထောက် စဉ်းစားခိုင်းတဲ့ အမူအရာ လုပ်ပြသတဲ့။

မောင်မှန်တို့ ပြည်သူတွေ ကျလိကျလိ ဖြစ်ရတာက NLD ရဲ့ ပြန်ကြားရေးပုံစံပါ။ NLD အနေနဲ့ အစိုးရအဖွဲ့ကိစ္စကို (လူတွေ သိချင်ကြပေမဲ့) ပြောနိုင်မှပဲ ပြောပါ။ ပြောနိုင်မယ့်အချိန်ကိုသာ တိတိကျ ကျပြောပါ။ ခုတော့ ပြီးသွားလွန်သွားပါပြီး။ ရက်လည်း ကပ်နေပါပြီ။  ပြည်သူတွေကို မဟေဠိဝှက်သလို လို၊ ကံစမ်းမဲလိုလို မလုပါကြဖို့ ပန်ကြားပါရစေချင်ဗျာ။ တဖက်ကတော့ ပြည်သူတွေရဲ့မျှော်လင့်ချက် ကို အချိန်ယူ၊ အချိန်ဆွဲပြီး တစ်ထစ်ချင်း ဖြုတ်ချနေတယ်ဆိုတာ မောင်မှန်တို့က ကောင်းကောင်း သဘောပေါက်ကြောင်းပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly