အနောက်နိုင်ငံပြိုင်ဘက်များထွက်ခွာချိန် တရုတ်က ရုရှားကားဈေးကွက်ရှယ်ယာကို လုယူ

အနောက်နိုင်ငံပြိုင်ဘက်များထွက်ခွာချိန် တရုတ်က ရုရှားကားဈေးကွက်ရှယ်ယာကို လုယူ

အနောက်နိုင်ငံမှ ကားကုမ္ပဏီများသည် ရုရှားမှ အစုလိုက်အပြုံလိုက်ထွက်ခွာသွားပြီးနောက် တရုတ်၏ ကြီးထွားလာသောစီးပွားရေးအတွက် အရေးပါသော ရုရှားကားဈေးကွက်တွင် တရုတ်အမှတ်တံဆိပ်ကားများသည် ၃ ပုံ ၁ ပုံ နီးပါးအထိ နေရာယူလာသည်။

အနောက်နိုင်ငံများက ရုရှားအား တချို့ထုတ်ကုန်များဝယ်ယူခွင့်ကို ကန့်သတ်ခဲ့ပြီး ဝယ်လိုအားကျဆင်းခြင်းနှင့် ဈေးနှုန်းမြင့်မားခြင်းများက အခြေအနေကို ပိုမိုဆိုးရွားစေခဲ့သလို ခရီးသည်တင်ကားနှင့် လုပ်ငန်းသုံးအပေါ့စားကား ရောင်းချရမှုမှာလည်း ယမန်နှစ်ကထက်စာလျှင် ၆၁ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။

သို့သော် Haval ၊ Chery နှင့် Geely အပါအဝင် တရုတ်အမှတ်တံဆိပ်ကားများသည် ဇန်နဝါရီလက ၈ ၂၃၅ စီး ရောင်းချနိုင်ခဲ့ရာမှ နိုဝင်ဘာတွင် အစီးရေ ၁၆ ၁၃၈ စီးအထိ ၂ ဆရောင်းချနိုင်ခဲ့ပြီး ဈေးကွက်ရှယ်ယာမှာလည်း ၉ ဒသမ ၆ ရာခိုင်နှုန်းမှ ၃၁ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ရုရှားစိစစ်လေ့လာရေးအေဂျင်စီ Autostat က ဖော်ပြခဲ့သည်။

“အနောက်နိုင်ငံထုတ်ကားနဲ့ တင်သွင်းမှုက နည်းနည်းပဲရှိပါတယ်။ ဒါကြောင့် ဈေးကွက်မှာ ရုရှားနဲ့ တရုတ်နိုင်ငံထုတ်ကားပဲ ရှိပါတယ်” ဟု ရုရှားမော်တော်ယာဉ်လေ့လာသုံးသပ်သူ ဗလာဒီမာဘက်စ်ပါလော့ဗ်က Reuters သတင်းဌာနသို့ ပြောသည်။

အနောက်နိုင်ငံမှ ကားထုတ်လုပ်သူအများစုသည် ရုရှားတွင် ၂၀၀၀ ခုနှစ်အစောပိုင်းများက စက်ရုံများဆောက်ကာ ရုရှားပြည်တွင်းထုတ်ကားများနှင့် ဈေးကွက်ရှယ်ယာအတွက် ယှဉ်ပြိုင်ခဲ့ကြသည်။ သို့သော် ရုရှားက ဖေဖော်ဝါရီလတွင် ယူကရိန်းသို့ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ပြီးနောက် အနောက်နိုင်ငံမှကားကုမ္ပဏီများသည် ရုရှားတွင် ထုတ်လုပ်မှုရပ်ဆိုင်းခဲ့ကြသည်။

စီးပွားရေးအခြေအနေမပြောင်းလဲပါက Moskvich အပါအဝင် တရုတ်ကားကုမ္ပဏီများသည် လာမည့်နှစ်တွင် ရုရှား၌ ရောင်းအား ၃၅ ရာခိုင်နှုန်းခန့်ရှိလာနိုင်ပြီး အစီးရေ ၈၀၀ ၀၀၀ အထိရောင်းချရလိမ့်မည်မျှော်လင့်ရကြောင်း ဘက်ပါလော့ဗ်က ပြောသည်။

ရုရှားသည် ယခုနှစ်အစောပိုင်း ၁၀ လ၌ တရုတ်မော်တော်ယာဉ်များနှင့် အစိတ်အပိုင်း အများဆုံးဝယ်ယူသည့် ဆဋ္ဌမမြောက်နိုင်ငံဖြစ်ခဲ့ပြီး ပမာဏအားဖြင့် ၃ ဒသမ ၉ ရာခိုင်နှုန်းရှိကာ ယမန်နှစ် အလားတူကာလနှင့် ကွာခြားမှုသိပ်မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly