သမ္မတဖြစ်ခွင့်တားမြစ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်ရမည့် အုပ်ချုပ်မှုခရီးလမ်း

သမ္မတဖြစ်ခွင့်တားမြစ်ခံထားရသည့် ဒေါ်အောင်ဆန်းစုကြည် လျှောက်ရမည့် အုပ်ချုပ်မှုခရီးလမ်း

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တစ်ခါက မှတ်ချက်ပေးခဲ့ဖူးသလိုပင် .. မြန်မာ့နိုင်ငံရေးကြား ဆက်ပြတ်မှု ကာလက ရှည်ကြာလွန်းလှသည်။

မြန်မာ့ဒီမိုကရက်တိုက်ဇေးရှင်းဖြစ်စဉ်၏ စိတ်လှုပ်ရှားစရာကောင်းလွန်းလှသော ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် အားလုံးသိသည့်အတိုင်း ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ်အနိုင်ရခဲ့ကာ လွှတ်တော်ကိုဦးဆောင်ခွင့်၊ သမ္မတဖွဲ့ခွင့်များ ရရှိခဲ့သည်။

ရွေးကောက်ပွဲမတိုင်မီ မဲဆန္ဒရှင်များ၏ စိတ်အားတက်ကြွပုံများနှင့် ရွေးကောက်ပွဲရလဒ် ထွက်ပေါ်ပြီးနောက် ကြည်နူးပီတိ ဖြစ်မှုများမှာမူ ကမ္ဘာပေါ်တွင်မကြုံစဖူးဟုပင် ပြောစမှတ်ဖြစ်ခဲ့ရ သည်။ စင်စစ်မြန်မာပြည်သူများသည် ၎င်းတို့လိုချင်သည့် ရလဒ်ကို အသေအချာသိရှိသလို ရရှိအောင်လည်း လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုစိတ်လှုပ်ရှားစရာကာလပြီးသည့်နောက်မှာတော့ စိတ်မရှည်ချင်စရာ ကြားကာလကြီး တစ်ခုက ရောက်ရှိလာပြန်သည်။

ရွှေဉာဏ်တော်စူးရောက်စွာ အသေအချာရေးဆွဲထားသည့် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေ ကြီးတွင် ရွေးကောက်ပွဲကို နိုဝင်ဘာတွေကျင်းပရမည်ဖြစ်ပြီး လွှတ်တော်အသစ်နှစ်ရပ်မှ ရွေးချယ် တင်မြှောက်သည့် သမ္မတမှာ မတ်လကုန်တွင်မှ ရာထူးလွှဲပြောင်းရယူရမည်ဟု ရှင်းရှင်းလင်းလင်း ဖော်ပြထားလေသည်။

''ကမ္ဘာပေါ်မှာ အာဏာလွှဲပြောင်းဖို့ ဒီလောက်ကြာတဲ့နိုင်ငံ တစ်နိုင်ငံမှ မရှိပါဘူး'' ဟု ဒေါ်အောင်ဆန်းစုကြည်က ယခုလအစောပိုင်းတုန်းက သူမ၏ လွှတ်တော်ကိုယ်စားလှယ်များကို ပြောကြားခဲ့သည်။

'' အာဏာလွှဲပြောင်းဖို့ အကြာဆုံးနိုင်ငံတွေထဲမှာတော့ ကျွန်မတို့ကထိပ်ဆုံးပါပဲ။ ဘယ်နိုင်ငံမှ အချိန် ၅ လမယူပါဘူး '' ဟု သူမက ပြောကြားခဲ့သည်။

မြန်မာလူမျိုးများသည် စောင့်ဆိုင်းသည့်နေရာတွင် အလွန်တော်ကြသူများဖြစ်သည်။ လွန်ခဲ့ သော ၄ နှစ်က လမ်းစနစ်များ အဆင့်မမြှင့်တင်သေးဘဲ မူဝါဒအသစ်နှင့် ကားအသစ်များ တင်သွင်း ခွင့်ပြုလိုက်ရာ ရန်ကုန်မြို့လမ်းမများပေါ်တွင် ကားများ ပြည့်သိပ်ကျပ်လျှက်ရှိကာ မိုင်အနည်းငယ် စာမျှခရီးကို သွားရန် နာရီနှင့်ချီပြီးကြာမြင့်လျှက်ရှိသည်။

ထိုအခြေအနေကို နိုင်ငံခြားသားများက ပင်ပန်းတကြီးနှင့် အပြင်းအထန်သည်းခံနေကြရသော်လည်း မြန်မာလူမျိုး အများစုမှာမူ လက်သင့်ခံ ထားရမည့်အခြေအနေအဖြစ်နှင့် တည်တည်ငြိမ်ငြိမ် ဖြတ်သန်းနေကြသည်ကို တွေ့ရလေသည်။ တိုင်းပြည်တွင်ကောင်းမွန်သောနိုင်ငံရေးတစ်ရပ်ပေါ်ထွန်းရန်အတွက်မူ သူတို့သည် ထို့ထက်များစွာ ပို၍ စိတ်ရှည်စွာစောင့်ဆိုင်းခဲ့ကြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှာ နေအိမ်အကျယ်ချုပ်မှ မလွတ်မြောက် သေးသဖြင့် မြန်မာပြည်သူများ သည် အမှန်တကယ်လွတ်လပ်၍တရားမျှတစွာမဲပေးခွင့်ရရန် ၂၅ နှစ်ကြာ မျှစောင့်ဆိုင်းခဲ့ရပြီးဖြစ်ရာ နောက်ထပ် ၅ လ တာ စောင့်ဆိုင်းရခြင်းကတော့ မြန်မာ ပြည်သူတွေအတွက် စာဖွဲ့စရာမရှိတော့ဟုသာ ဆိုရမည် ဖြစ်သည်။

လာမည့် မတ်လ၊ ၁၀ ရက်နေ့တွင် လွှတ်တော်အတွင်းတွင် သမ္မတနှင့် ဒုသမ္မတရွေးကောက်ပွဲ များ ပြုလုပ်သွားတော့မည် ဖြစ်ပြီး NLD ပါတီကတင်သည့် သမ္မတလောင်းသာ နိုင်ငံတော်သမ္မတ ဖြစ်လာ မည်မှာလည်း သေချာနေပြီဖြစ်သည်။ သို့ရာတွင် မေးရန်ရှိသည်မှာ NLD ကမည်သူ့ကို သမ္မတ တင်မလဲဆိုသည့် မေးခွန်းဖြစ်သည်။

လက်ရှိအချိန်တွင် တစ်နိုင်ငံလုံးက သမ္မတဖြစ်စေချင်သူမှာမူ ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်းသာ ရှိလေသည်။

အကယ်၍ သမ္မတကိုသာလွတ်လွတ်လပ်လပ် တိုက်ရိုက်ရွေးကောက်တင်မြှောက်ခွင့်ရှိလျှင် မြန်မာ ပြည်သူများက ဒေါ်အောင်ဆန်းစုကြည်ကိုသာ သမ္မတအဖြစ် တင်မြှောက်မည်မှာ သေချာနေ ပြီးဖြစ်သည်။ ထို့အတူ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်ကလည်း သမ္မတလုပ်ရန်ဆန္ဒရှိကြောင်း ပြီးခဲ့သည့် ၃ နှစ်တာကာလလုံးမကွယ်မဝှက် ပြောကြားခဲ့ပြီးသား ပင် ဖြစ်သည်။ သို့ရာတွင် အာဏာ လွှဲပြောင်းချိန်ကို ၅ လသတ်မှတ်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကြီး၏ ပုဒ်မ ၅၉(စ) အရ ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတအဖြစ်တာဝန်ထမ်းဆောင်ရန် ပိတ်ပင်ခံနေရပြန်လေသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ရွေးကောက်ပွဲမဲဆွယ်ကာလမှနေ၍ ရွေးကောက်ပွဲပြီး ကာလအထိ အခြေခံဥပဒေပြင်ဆင် ကာ သူမနှင့်ထိုက်တန်သည့်နေရာကို ရယူနိုင်ရန် ကြိုးပမ်းခဲ့ သော်လည်း ပြင်ဆင်ရန်ခက်ခဲအောင်လည်း ထည့်သွင်းရေးဆွဲ ထားသေးသည့် အခြေခံဥပဒေကြီး ကြောင့် ယခုအခါတွင် ထိုကြိုးပမ်းမှုမှာ လက်တလော မဖြစ်နိုင်တော့သည့် အခြေအနေသို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ယခုအချိန်တွင် သမ္မတမဖြစ်လျှင်လည်း အနှေးနှင့် အမြန်ဆို သလို တစ်ချိန်ချိန်တွင် သမ္မတဖြစ်မည်မှာ သေချာသည်ဟု သူမ၏လုပ်ဖော်ကိုင်ဖက်တစ်ဦးက ပြောကြား ထားသော်လည်း လက်ရှိအချိန်တွင် သမ္မတနေရာအတွက် တစ်စုံတစ်ယောက်ကိုတော့ ရွေးကောက်တင်မြှောက်ရတော့မည်သာ ဖြစ်သည်။

ထိုကဲ့သို့ ရွေးကောက်ခံရမည့်သူမှာ သူမ စိတ်ချယုံကြည်ရပြီး သူမ၏ လမ်းညွှန်မှုအတိုင်း လိုက်နာမည့်သူဖြစ်မှာတော့ သေချာလျှက်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ဒေါ်အောင်ဆန်းစုကြည် က သူမသာ သမ္မတမဖြစ်နိုင်တော့ပါက သမ္မတ အထက်မှနေ၍တိုင်းပြည်ကိုစီမံခန့်ခွဲသွားမည်ဟု သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားထား၍ ဖြစ်သည်။

NLD ကရွေးကောက်တင်မြှောက်မည့် သမ္မတအဖြစ် နာမည်ထွက်နေသူ လက်ရှိအချိန်တွင် ၄၊ ၅ ဦးထက်မနည်း ရှိပြီး လူအများအံ့အားသင့်စရာရွေးချယ်မှုဖြစ်လိမ့်မည်ဟု ပြောဆိုမှုများလည်း ရှိနေ သည်။

သမ္မတမည်သူပင်ဖြစ်စေ ထိုသူမှာ ဒေါ်အောင်ဆန်းစုကြည် အကြွင်းမဲ့ယုံကြည်ရသူဖြစ်ရန်တော့ အလွန်အရေးကြီးလှသည်။ အဘယ်ကြောင့်ဆိုသော် ရုပ်သေးရုပ်သမ္မတနှင့် ပါတီခေါင်းဆောင်ကြား စိတ်ဝမ်းကွဲမှုရှိလာပါက ဒီမိုကရေစီ သွေးနု၊သားနု မြန်မာ့ရှေ့ခရီးအတွက် အန္တရာယ်တစ်ရပ်ဖြစ်လာ နိုင်သောကြောင့် ဖြစ်သည်။ ထို့ပြင် လက်တလောတွင် အခြားအာရှနိုင်ငံများ၌ ထိုကဲ့သို့သော နိုင်ငံရေး ပုံစံများ အခြေမလှဖြစ်ခဲ့သည်ကိုလည်း မြင်တွေ့ထားရသည်။

အမြင်သာဆုံး ဥပမာမှာ အိန္ဒိယဖြစ်သည်။ ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ်တာကာလအတွင်းတွင် ဒေါက်တာမန်မိုဟမ်ဆင်းဂျ်က ဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး ဆိုနီယာဂန္ဒီက ကွန်ဂရက်ပါတီခေါင်းဆောင် အဖြစ် တာဝန်ခွဲဝေလုပ်ကိုင်ခဲ့ကြသည်။ ထိုကဲ့သို့ ခွဲဝေလုပ်ဆောင်မှုမှာ ပြီးခဲ့သော ရွေးကောက် ပွဲတွင် ဟိန္ဒူအမျိုးသားရေးဝါဒီများက အပြတ်အသတ် အသာရသွားခြင်းနှင့်အတူမရှု့မလှ အဆုံးသတ် သွားခဲ့လေသည်။

မည်သို့ပင်ဖြစ်စေ ဒေါ်အောင်ဆန်းစုကြည်ရွေးချယ်မည့် သမ္မတကို မတ်လ၊ ၁၀ ရက်နေ့တွင် တွေ့မြင်ရတော့မည်သာ ဖြစ်ပြီး အစိုးရသစ်အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ စီးပွားရေးပြုပြင်ပြောင်း လဲမှုနှင့် လူမျိုးရေး၊ဘာသာရေးပဋိပက္ခမီးစများ ဟူသည့် လက်တလော အရေးကြီးပြဿနာများကို လည်း ကိုင်တွယ်ရတော့မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ လွှတ်တော်အမတ်အများအပြားမှာ ထောင်အတွင်း၌ နှစ်ရှည်လများ နေထိုင်ခဲ့ရပြီး အုပ်ချုပ်မှုအတွေ့အကြုံပိုင်းအားနည်းကြရာ ထိုကဲ့သို့သော အရေးကြီး ကိစ္စရပ်များကို ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏လုပ်ဖော်ကိုင်ဖက်များအနေနှင့် မည်မျှအထိ အောင်မြင်အောင်ကိုင်တွယ်နိုင်မည်နည်းဟု မေးခွန်းထုတ်သံ များမှာလည်း ကြိုတင်၍ ကျယ်ကျယ် လောင်လောင်ထွက်ပေါ်လျှက်ရှိသည်။ ရာစုနှစ်ဝက်တာကာလမျှ စစ်အစိုးရ အုပ်ချုပ်ခဲ့မှု ဒဏ်ရာ ဒဏ်ချက်များကြောင့် တိုင်းပြည်အတွင်းတွင် လူ့စွမ်းအားအရင်းအမြစ်များ ပြန်လည် တည်ဆောက်ရန် မှာလည်း ကြီးမားလှသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်လျှက်ရှိနေသေးသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တာဝန်များအားလုံးကို တတ်နိုင်သမျှသူမကိုယ်တိုင် ပခုံး ထမ်းဆောင်ရွက်သွားဖွယ် ရှိနေသော်လည်း ထိုကိစ္စနှင့်ပတ်သတ်၍လည်း တာဝန်အများအ ပြားကိုတစ်ယောက် တည်းလုပ်ဆောင်ရန် ကြိုးစားနေ သည်ဟူသော ဝေဖန်မှုများကရှိနေပြန်သည်။

သို့ရာတွင် ရွေးကောက်ပွဲမတိုင်မီက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် NLD ပါတီအနေဖြင့် တိုင်းပြည်ကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်ပါမည်လားဟူသော မေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က '' လက်ရှိအစိုးရထက် ပိုမဆိုးနိုင်တာတော့ သေချာပါတယ် '' ဟု ဖြေဆိုထားပြီးဖြစ်လေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly