အာဂျင်တီးနားက ပင်နယ်တီနဲ့ အနိုင်ရအပြီး ဒိုင်လူကြီးကို မက်ဆီ ပြစ်တင်ဝေဖန်

အာဂျင်တီးနားက ပင်နယ်တီနဲ့ အနိုင်ရအပြီး ဒိုင်လူကြီးကို မက်ဆီ ပြစ်တင်ဝေဖန်

လီယွန်နယ် မက်ဆီက လူဆာကွင်းမှာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်မှာ အာဂျင်တီးနားရဲ့ စိတ်လှုပ်ရှားမှုအပြည့်ပေးတဲ့ ပင်နယ်တီ အဆုံးအဖြတ်နဲ့ နယ်သာလန်ကို အနိုင်ရတဲ့ပွဲမှာ ဒိုင်လူကြီး အန်တိုနီယို မာတီယူ လာဟော့ဇ်ကို တာဝန်မပေးသင့်ဘူးလို့ ပြောပါတယ်။

အာဂျင်တီးနားဟာ စနေနေ့အစောပိုင်းက နယ်သာလန်လူစားဝင်ကစားသမား ဝက်ဂ်ဟော့စ်ရဲ့ နောက်ကျဂိုး နှစ်ဂိုးကြောင့် ၂-၂ ဂိုးနဲ့ သရေကျပြီးနောက်မှာ အချိန်ပိုဆက်ကစားခဲ့ရပြီး အချိန်ပိုမှာလည်း ဂိုးဆက်မသွင်းနိုင်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရမှာ ဂိုးသမား မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုနဲ့အတူ ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

“သူတို့ ဒုတိယမြောက် ချေပဂိုးပြန်သွင်းလိုက်တဲ့နောက်မှာ ကျနော် ဒေါသအရမ်းထွက်ပါတယ်” လို့ မက်ဆီက ပြောပါတယ်။ “ကျနော် ဒိုင်အကြောင်းတော့ မပြောချင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ သူတို့က ခင်ဗျားကို ချက်ချင်းဆိုသလို ပြစ်တင်ကြိမ်းမောင်းတာတွေ ဒါမှမဟုတ် အရေးယူတာတွေ လုပ်မှာပဲ။ ဒါပေမယ့် ဘာတွေဖြစ်ပျက်ခဲ့တယ်ဆိုတာ အားလုံး မြင်ခဲ့ကြမယ်လို့ ကျနော် ထင်ပါတယ်။

"ဖီဖာအနေနဲ့ ဒါကို ပြန်သုံးသပ်ရမှာပါ၊ သူတို့တွေ တာဝန်မကျေတဲ့အခါ ဒီလိုအရေးကြီးတဲ့ပွဲမျိုးမှာ ဒီလိုဒိုင်မျိုးကို ပေးမကိုင်သင့်ပါဘူး"

သူက "ကျနော်တို့မှာ ပွဲကောင်းတစ်ပွဲ မရခဲ့ပါဘူး။ ဒီ့နောက်မှာ ဒိုင်လူကြီးက အချိန်ပိုထိ တွန်းပို့ခဲ့ပါတယ်။ သူက ကျနော်တို့နဲ့ အမြဲလိုလို ဆန့်ကျန်ဘက်ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံးပွဲပြီးခါနီးမှာ အဲဒါက ပြစ်ဒဏ်ဘောမဟုတ်ခဲ့ပါဘူး။"လို့ ထပ်ပြောပါတယ်။

မာတီယူ လာဟော့ဇ်ဟာ စုစုပေါင်း အဝါကတ် ၁၆ ကတ်ပြသခဲ့သလို နယ်သာလန်တောင်ပံ-နောက်ခံလူ ဒမ်ဖရီးစ်ကိုလည်း ပင်နယ်တီကန်နေစဉ်အတွင်း နှစ်ဝါတစ်နီနဲ့ ထုတ်ပယ်ခဲ့ပါတယ်။

မက်ဆီဟာ မိုလီနာရဲ့ အဖွင့်ဂိုးအတွက် စောစောစီးစီး ဖန်တီးပေးပြီးနောက် ပွဲချိန် ၇၃ မိနစ်မှာ ပြိုင်ပွဲမှာ သူ့ရဲ့ လေးဂိုးမြောက်ကို ပင်နယ်တီကနေ သွင်းယူခဲ့ပါတယ်။

လော်တာရို မာတီနက်ဇ်က နောက်ဆုံးအဆုံးအဖြတ်ပင်နယ်တီ အနိုင်ဂိုး မသွင်းခင် ဂိုးသမား အီမီလီယာနို မာတီနက်ဇ်ဟာ နယ်သာလန်ရဲ့ ပထမ ပင်နယ်တီ ကန်ချက်နှစ်ကြိမ်ကို ကာကွယ်ရင်း အာဂျင်တီးနားအတွက် သူရဲကောင်းဖြစ်ခဲ့ပါတယ်။

မက်ဆီက “အချိန်ပို ဒါမှမဟုတ် ပင်နယ်တီအထိ ကျနော်တို့ မရောက်ချင်ပါဘူး။ “အရာရာ ဖြစ်ပျက်ပုံကြောင့် ကျနော်တို့ အရမ်းခံစားခဲ့ရပေမယ့် ဒါဟာ ကမ္ဘာ့ဖလားရဲ့ ကွာတားဖိုင်နယ်ဖြစ်နေလို့ပါပဲ။

"ပင်နယ်တီအဆုံးအဖြတ်မှာသာ ကျရှုံးတာဟာ ကျနော်တို့ အလှည့်သာဆို ဘယ်လိုနာကျင်ခံစားရမလဲဆိုတာ ကျနော်တို့တွေ သိတယ်၊ ဒါပေမယ့် ဆီမီးဖိုင်နယ်ကို ရောက်ခဲ့တယ်။ အရမ်းလှပတယ်၊ အထင်ကြီးစရာ တစ်ခုခုပေါ့။"

(AFP)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required