“တရုတ်လွှတ်တော်တွင်း လေ့လာ သတင်းယူခြင်း။”

“တရုတ်လွှတ်တော်တွင်း လေ့လာ သတင်းယူခြင်း။”

ကိုမျိုးသန့်ရေ

ပထမ ဦးဆုံး အရေးတကြီး ပြောလိုတာက မထင်မှတ်ပါပဲနဲ့ ကျွန်တော် ဆက်သွယ်မှု ဧရိယာ အပြင်ဘက် ရောက်သွားပြီး စာမူ မပို့နိုင်ခဲ့တဲ့ ကိစ္စပါ။ ကြိုတင် အကြောင်းကြားခဲ့တဲ့အတိုင်း ကျွန်တော်ဟာ မြန်မာပြည်ဆိုင်ရာ တရုတ်သံရုံးရဲ့ ဖိတ်ကြားချက်အရ တရုတ်ပြည် လွှတ်တော်အစည်းအဝေးကို လေ့လာဖို့ ဖိတ်ကြားတာ ခံရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစ ကျွန်တော်နဲ့အတူ စာနယ်ဇင်းသမား စုစုပေါင်း (၁၀) ယောက် ရန်ကုန်ကနေ တရုတ်နိုင်ငံ ပီကင်း ကို ခရီးထွက်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ခါတိုင်းလိုပဲ ရောက်တဲ့နေရာကနေ သတင်းဆောင်းပါး ရေးပို့နိုင်အောင် လက်ဖ်တော့ကို သယ်သွားပါတယ်။

ပီကင်းရောက်ပြီးနောက်မှ သိရတာက တရုတ်ပြည်မှာ အစိုးရက ထိန်းချုပ်ထားတဲ့ အင်တာနက် ကွန်ယက်စနစ်မှာ Google, gmail နဲ့ facebook အကောင့်န်တွေ ဖွင့်ပြီး သုံးလို့ မရအောင် ပိတ်ပင်ထားတာပါပဲ။ ပါသွားတဲ့ စာနယ်ဇင်းသမား တစ်ချို့ကတော့ facebook သုံးနိုင်အောင် သူတို့ မိုဘိုင်းဖုန်းတွေမှာ အပလီကေးရှင်း တစ်ချို့ ထည့်သွားကြတာ တွေ့ရပါတယ်။ Cloud VPN ဆိုတဲ့ အပလီကေးရှင်း ဖြစ်မယ် ထင်ပါတယ်။ ဆိုတော့ အဲဒီ အပလီကေးရှင်းသုံးပြီး သူတို့တွေကတော့ မိုဘိုင်းဖုန်းကနေ facebook ကိုသုံးနိုင်တာတွေ့ရပါတယ်။ ကျွန်တော့် အတွက်ကတော့ ကွန်ပျူတာသုံးပြီး ဆောင်းပါးရေးရမယ်၊ ဆောင်းပါးကနေ gmail သုံးပြီး ပို့မယ် ဆိုတော့ ပီကင်းမှာ gmail သုံးမရပဲ ဒုက္ခရောက်ရပါတော့တယ်။ ကျွန်တော်ကတော့ ကျွန်တော့် ကွန်ပျူတာနဲ့ ဂျီမေးလ်၊ ဖေ့ဘွတ်ခ် သုံးမရတော့ အတော် လန့်သွားပါတယ်။ နိုင်ငံတကာကို ကျွန်တော် လျောက်သွားနေတာ အထိုက်အလျောက်တော့ များပါပြီ။ ရောက်တဲ့ နိုင်ငံတိုင်း ဒီလို အခြေအနေမျိုး မကြုံရပါဘူး။ မကြုံရလို့လည်း ရောက်ရာနေရာကနေ ဆောင်းပါးတွေ ရေးပို့နိုင်တာ ကိုမျိုးသန့်လည်း အသိပါ။

အရင် စစ်အာဏာရှင်ခေတ်က ကျွန်တော် သိထားတာက အဲလို ဝက်ဘ်ဆိုက်တွေကို ပိတ်ပင်ထားရင် Proxy ဝက်ဘ်ဆိုက်တွေကို သုံးပြီး ကျော်ရတယ် ဆိုတာပါ။ ဒါပေမယ့် ခက်တာက Proxy ဝက်ဘ်ဆိုက် ရှာမယ်ဆိုရင် Google သုံးပြီး ရှာရမှာဆိုတော့ ဒါကိုလည်း ကျွန်တော် မလုပ်နိုင်ပြန်ပါဘူး။ ရောက်ရောက်ချင်းနေ့မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ရုံး တာဝန်ရှိသူတစ်ယောက်က ကျွန်တော်တို့ကို တရုတ်ပြည်က china mobile ဆင်းကဒ်တွေ သွားဝယ်ထည့်ထားပေးတော့ မြန်မာနိုင်ငံကိုတော့ ဖုန်းဆက်လို့တော့ ရနေပါတယ်။ အဲတော့ ကျွန်တော့်တပည့်တစ်ယောက်ကို ဖုန်းဆက်၊ အခက်အခဲကို ပြောပြပြီး Proxy ဝက်ဘ်ဆိုက်ကို ရှာခိုင်းရပါတယ်။ သူက Proxy ဝက်ဘ်ဆိုက် လိပ်စာ တစ်ချို့ ပို့ပေးပါတယ်။ အဲဒီ လိပ်စာတွေကို ကွန်ပျူတာထဲ ရိုက်ပြီး ဝင်ရှာတော့လည်း အားလုံးကို တရုတ် အင်တာနက် ကွန်ယက်က ခွင့်မပြု ပိတ်ထားပြန်ပါရောလား။ ဒီလိုနဲ့ ကွန်ပျူတာမှာစာရေးပြီး ဆောင်းပါး ပို့ဖို့ဆိုတာ မဖြစ်နိုင် လက်လျော့လိုက်ရပါတယ်။ တရုတ် အင်တာနက် ကွန်ယက်ဟာ Proxy ဝက်ဘ်ဆိုက်တွေတင်မက VOA, RFA ဝက်ဘ်ဆိုက်တွေကိုလည်း ပိတ်ထားပါသေးတယ်။ BBC , mizzima ဝက်ဘ်ဆိုက်တွေကိုတော့ ဖွင့်ကြည့်လို့ ရပါတယ်။ ဒါဟာ နှစ်ပေါင်းများစွာအတွင်း ကျွန်တော့်ရဲ့ ထူးခြားတဲ့ အတွေ့အကြုံပါပဲ။

(၆) ရက်တာ ကြာမြင့်တဲ့ ကျွန်တော်တို့ရဲ့ ခရီးစဉ်ထဲမှာ လွှတ်တော် အစည်းအဝေး နှစ်ခုကို လေ့လာဖို့က အဓိကပါ။ တစ်ခုကတော့ တရုတ်ပြည်မှာ အမြင့်ဆုံးဖြစ်တဲ့ ၁၂ကြမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ရဲ့ စတုတ္တ အကြိမ်မြောက် အစည်းအဝေး ဖြစ်ပြီး နောက်တစ်ခုကတော့ အတိုင်ပင်ခံကွန်ဂရက် အစည်းအဝေး ဖြစ်ပါတယ်။ အစည်းအဝေး နှစ်ခုစလုံးကို သမ္မတ ရှီကျင့်ဖျင် တက်ပါတယ်။ ပြည်သူ့ကွန်ဂရက် အစည်းအဝေးမှာတော့ အစိုးရရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဝန်ကြီးချုပ် လီခချင်း ကိုယ်တိုင် အစီရင်ခံစာ တင်ပါတယ်။ လာမယ့်နှစ်အတွက် စီးပွားရေးတိုးတက်မှုနှုန်းကို ၆ ကနေ ၇ ရာခိုင်နှုန်း လျာထားတယ်ဆိုပြီး ပြောတဲ့ သတင်းကိုတော့ သတင်းမီဒီယာတွေ ထုတ်လွှင့်ခဲ့ကြပြီးပါပြီ။ တရုတ်နိုင်ငံ လွှတ်တော် စနစ်ကတော့ အနောက်တိုင်း လွှတ်တော် စနစ်တွေနဲ့ မတူသလို ကျွန်တော်တို့ လွှတ်တော် စနစ်နဲ့လည်း မတူပါဘူး။ ကိုယ်စားလှယ် အများကြီးတက်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေ ထောင်နဲ့ချီ ရှိပါတယ်။ လွှတ်တော်တွင်း အပြန်အလှန် ဝေဖန်ဆွေးနွေးတယ် ဆိုတာထက် အာဏာရှိသူတွေက ဆွေးနွေး ဆုံးဖြတ်ထားပြီးသားကို ထောက်ခံတဲ့ အခန်းအနားသဘော ပိုဆန်ပါတယ်။

နိုင်ငံခြားရေး ဝန်ကြီးဌာန တာဝန်ရှိသူတွေ ပြောပြချက်အရ အခုလို တရုတ် လွှတ်တော် အစည်းအဝေး ကျင်းပတာကို လေ့လာသတင်းယူဖို့ ခေါ်ယူတဲ့ မြန်မာစာနယ်ဇင်း အဖွဲ့ဟာ ကျွန်တော်တို့ ပထမ ဦးဆုံးပဲလို့ သိရပါတယ်။ ကျွန်တော်တို့ လွှတ်တော်တွင်း လေ့လာဖို့ သွားတဲ့အခါ ကျွန်တော်တို့လိုပဲ အာဖရိက၊ အာရှ၊ လက်တင်အမေရိက က လေ့လာ သတင်းယူဖို့ ဖိတ်ကြားခံရတဲ့ သတင်းထောက် ထောင်နဲ့ချီ ရှိတာ တွေ့ရပါတယ်။ နည်းနည်းနောနော အရည်အတွက် မဟုတ်ပါဘူး။ အရင်က အခုလို ဖိတ်ကြားတာမျိုး ရှိမရှိ မသိရပေမယ့် ဒီတစ်ကြိမ်မှာတော့ အလွန်များတာ တွေ့ရပါတယ်။ အများစုကတော့ သတင်းယူတာထက် ဆယ်ဖီ ဓာတ်ပုံ ရိုက်နေကြတာ များပါတယ်။

တရုတ်လွှတ်တော် ခန်းမ ဖွဲ့စည်းပုံဟာ အလွန်ကျယ်လို့ အစည်းအဝေးကို လူ သောင်းနဲ့ချီ တက်နိုင်ပါတယ်။ မြေညီထပ်မှာ လွှတ်တော် ကိုယ်စားလှယ်တွေကို နေရာချထားပေးပါတယ်။ စင်မြင့်မှာတော့ ရာနဲ့ချီ ရှိတဲ့ သဘာပတိ အဖွဲ့ဝင်တွေကို နေရာယူစေပြီး ကင်မရာ အကြီးစားနဲ့ ရိုက်ကူးကြမယ့် ကင်မရာသမားတွေကို ဒုတိယ ထပ်မှာ နေရာချထားပေးပါတယ်။ တတိယ ထပ်မှာတော့ ရိုးရိုး သတင်းထောက်တွေ၊ လေ့လာသူတွေကို နေရာပေးပါတယ်။ လွှတ်တော် ကျင်းပနေပုံတွေကို တရုတ်ဘာသာနဲ့ အပြင် အခြား လူနည်းစု ဘာသာတွေနဲ့ပါ တိုက်ရိုက် အသံလွှင့်တာ လုပ်သလို၊ မီဒီယာ အားလုံးကိုလည်း ရိုက်ကူးခွင့်ပေးပါတယ်။ လွှတ်တော် လာတက်တဲ့ နိုင်ငံ့အကြီးအကဲတွေ၊ ဒေသန္တရ တာဝန်ရှိသူတွေကို သတင်းမေးနိုင်အောင်၊ တွေ့ဆုံနိုင်အောင်လည်း စီစဉ်ပေးထားတာ တွေ့ရ ပါတယ်။ လွှတ်တော်ခန်းမထဲ မရောက်ခင် လာရာလမ်း တလျောက်မှာ သတင်းဌာန တွေအနေနဲ့ မေးမြန်းမှု တစ်ချို့ လုပ်နိုင်ကြပါတယ်။ နောင် အလျဉ်းသင့်ရင်တော့ တရုတ်လွှတ်တော် လေ့လာရေး အစီအစဉ် အကြောင်း အသေးစိတ် ထပ်ရေးပါဦးမယ်။ မနက်ဖန်ကစ ပြည်တွင်း သတင်းသုံးသပ်ချက်တွေ ပြန်ပြီး ရေးပို့မယ်လို့ ပြောရင်း

ကျန်းမာပျော်ရွှင်ပါစေ။

စည်သူအောင်မြင့်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly