ရုရှ-အီရန် ဆက်ဆံရေးကို အနောက်အုပ်စု စိုးရိမ်မှုကြောင့် အမေရိကန်ထံမှ ယူကရိန်းက အကူအညီ ပိုမို ရရှိ 

ရုရှ-အီရန် ဆက်ဆံရေးကို အနောက်အုပ်စု စိုးရိမ်မှုကြောင့် အမေရိကန်ထံမှ ယူကရိန်းက အကူအညီ ပိုမို ရရှိ 

ဒီဇင်ဘာလ ၁၀ ရက်

ယူကရိန်းအတွက် စစ်ရေးအကူအညီသစ်များ ပေးမည်ဟု အမေရိကန်က သောကြာနေ့တွင် ကြေညာပြီး အီရန်နှင့် ရုရှဆက်ဆံရေးကို ဖရိုဖရဲ ဖြစ်စေမည်ဟု စိတ်ပိုင်းဖြတ် ပြောဆိုသည်။ အီရန်နှင့် ရုရှဆက်ဆံရေးတွင် ရုရှသည် ပဲ့ထိန်းဒုံးကျည်များ ပိုမို ရရှိရန် ကြိုးပမ်းနေပြီး အပြန်အလှန်အားဖြင့် မကြုံဘူးသော စစ်ရေးထောက်ပံ့မှုများကို အီရန်အား ကမ်းလှမ်းထားသည်ဟု ဗြိတိန်သံတမန်တစ်ဦးက ဆိုသည်။ 

ယူကရိန်း၌ ပစ်မှတ်များအား တိုက်ခိုက်ရာတွင် ရုရှသည် အီရန်ဒုံးကျည်များ အသုံးပြုလျက်ရှိသည်ဆိုသော အနောက်အုပ်စု၏ စွပ်စွဲချက်များအား အီရန်နှင့် ရုရှတို့က ငြင်းဆန်လျက် ရှိသည်။ ယူကရိန်း၌ စွမ်းအင်အခြေခံအဆောက်အအုံများအား ရုရှ၏ အကြိမ်ကြိမ် တိုက်ခိုက်မှုများကြောင့် ဆောင်းတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို တာဝန်ရှိသူများက သောကြာနေ့၌ သတိပေးထားသည်။ 

အီရန်သည် မြေပြင်မှ မြေပြင်ပစ် ဒုံးကျည်များအပြင် ဒရုန်းများကိုပါ ထောက်ပံ့ရန် ရုရှအား ကတိကဝတ်ပြုထားသည်ဟု အီရန် အကြီးတန်းတာဝန်ရှိသူနှစ်ဦးနှင့် အီရန်သံတမန်နှစ်ဦးတို့က ရိုက်တာအား အောက်တိုဘာလအတွင်းက ပြောထားသည်။ 

အီရန်နှင့် ရုရှကြားက “ကာကွယ်ရေး မိတ်ဖက်ပြုမှု နက်ရှိုင်းဖွံ့ဖြိုးလာခြင်း” ကို အမေရိကန်အနေဖြင့် အလွန် စိုးရိမ်ပူပန်ကြောင်းနှင့် အီရန် ဒရုန်းများ ရုရှသို့ ပေးပို့နေခြင်းအပါအဝင် ယင်း ဆက်ဆံရေးကို အမျှင်ပြတ်အောင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် အမျိုးသား လုံခြုံရေး ပြောခွင့်ရသူ ဂျွန် ကာဘီက သတင်းထောက်များအား ပြောသည်။ 

ယူကရိန်းအား လေကြောင်းရန်ကာစနစ် ခိုင်မာအားကောင်းရေးနှင့် ဒရုန်းများကို တိုက်ဖျက်ရေးတို့အတွက် အမေရိကန်သည် ဒေါ်လာ ၂၇၅ သန်းဖိုး အကူအညီ ပေးပို့ကြောင်း ၎င်းက ပြောသည်။ 

အီရန်သည် ဒရုန်း ရာပေါင်းများစွာကို ပေးပို့သည် ရုရှက ယူကရိန်း၌ အသုံးပြုနေသည်ဟု ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး ဘာဘာရာ ဝုဒ်ဝက်ဒ်က ပြောသည်။ 

“ရုရှက ခုနေခါမှာ ပဲ့ထိန်းဒုံးကျည် ရာပေါင်းများစွာ အပါအဝင် လက်နက်တွေ ပိုရရေးအတွက် ကြိုးပမ်းနေတယ်၊ အပြန်အလှန်အနေနဲ့ ရုရှဟာ စစ်ရေးနဲ့ နည်းပညာမှာ မကြုံဘူးတဲ့ အဆင့်နဲ့ အီရန်ကို ထောက်ပံ့ဖို့ ကမ်းလှမ်းထားတယ်”ဟု သူမက သတင်းထောက်များအား ပြောသည်။ 

ထင်မြင်ချက်ပေးရန် တောင်းခံမှုကို ကုလသမဂ္ဂဆိုင်ရာ အီရန်နှင့် ရုရှမစ်ရှင်တို့က ချက်ချင်း တုံ့ပြန်ကြခြင်း မရှိပေ။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly