ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် သုံးသပ်ရန် ဒေသခံများ တိုက်တွန်း

ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်း ပြန်လည် သုံးသပ်ရန် ဒေသခံများ တိုက်တွန်း

ရန်ကုန်၊ မတ် ၇ ။               ။ အစိုးရသစ်လက်ထက်တွင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအား ပြန်လည်စစ်ဆေးသုံးသပ် သင့်ကြောင်း ဒေသခံများနှင့် ထားဝယ်လူမှုအဖွဲ့အစည်းများက တိုက်တွန်းပြောကြားလိုက်သည်။

မတ်လ ၇ ရက်နေ့က ရန်ကုန်မြို့ အလုံလမ်းရှိ Summit Park View Hotel တွင် ပြုလုပ်သည့် ထားဝယ် အထူးစီးပွားရေးဇုန်စီမံကိန်းနှင့် သက်ဆိုင်သော သုတေသနအစီရင်ခံစာထုတ်ပြန်ခြင်းနှင့် လူထုဆွေးနွေးပွဲတွင် ယခု ကဲ့သို့ ပြောကြားခဲ့ကြခြင်း ဖြစ်သည်။

" ကိုယ့်နိုင်ငံနဲ့ နိုင်ငံသားတွေ နစ်နာဆုံးရှုံးမှုမရှိအောင် ဘယ်လို ဖြေရှင်းဆောင်ရွက်မလည်းဆိုတာကို ပြန် ပြီး တော့ စဉ်းစားဖို့လိုပါလိမ့်မယ်။  ထားဝယ်နဲ့ ပတ်သက်ပြီးတော့ အရင်အစိုးရက ဘာတွေ သဘော  တူခဲ့ပြီး တော့ ဘာတွေလုပ်ခဲ့ လည်းဆိုတာကို နောက်လာမယ့် အစိုးရက ပြန်ပြီးတော့ စစ်ဆေး သုံးသပ်ဖို့ လိုလိမ့် မယ်" ဟု ထားဝယ်ဖွံ့ဖြိုးရေးအဖွဲ့ ညှိနှိုင်းရေးမှူး ကိုသန့်ဇင်က ပြောသည်။

ထားဝယ်အထူးစီးပွားရေးဇုန်ကို ၂၀၀၈ခုနှစ်က ထိုင်းနိုင်ငံ အီတာလျှံထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရ တို့ကြား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးကာ စတင်အကောင်ထည်ဖော်ခဲ့သည့် အထူးစီးပွားရေးဇုန် စီမံကိန်ကိန်း ဖြစ်ပြီး အီတာလျှံထိုင်းကုမ္ပဏီအနေဖြင့် လုပ်ငန်းဆောင်ရွက်မှု နှောင့်နှေးကြန့်ကြာမှုများကြောင့် ရပ်နားထားခြင်း ဖြစ်ကာ ၂၀၁၅ခုနှစ်တွင် ပြန်လည်စတင်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်အကောင်အထည်ဖော်သည့်အချိန်မှစ၍ လက်ရှိအချိန်ထိ မြေယာသိမ်းဆည်းမှုများ၊ လျှော်ကြေးငွေ ကိစ္စများနှင့် အခြားသော လူမှုရေး ပြဿနားရှိခဲ့ပြီး လက်ရှိတွင် ထိုင်း၊ ဂျပန်နှင့် မြန်မာ သုံးနိုင်ငံအစိုးရတို့ကြား သဘောတူညီမှုရယူကာ ဆက်လက် ဆောင်ရွက်နေခြင်းဖြစ်သည်။

" အရင်အစိုးရကိုတော့ ထားလိုက်ပါတော့။ စစ်အာဏာရှင်လက်ထက်က ဖြစ်ခဲ့တာဆိုတော့ လုပ်လို့လည်း မ ရဘူး ပြောလို့လည်းမရဘူး။ အခုက ပြည်သူလူထုကရွေးခြယ်ထားတဲ့ အစိုးရတစ်ရပ် ကနေပြီးတော့ ပြည်သူလူ ထုကို လေးစားသင့်တယ်။ ကောင်းကျိုးနဲ့ဆိုးကျိုး ဘယ်လောက်များ လည်းဆိုတာ သုံးသပ်ရမယ်။သုံးသပ်ပြီးတော့မှ ကောင်းကြိုးနည်းနေရင်တော့ မလုပ်သင့်ဘူး"ဟု ထားဝယ်အမျိုးသမီးသမဂ္ဂ အထွေထွေအတွင်းရေးမှူး မအေးအေးချို ကပြောသည်။

ထားဝယ်စီးပွားရေးဇုန်စီမံကိန်း တွင် စက်မှုဇုန်များ၊ ဆိပ်ကမ်း၊ အဝေးပြေးလမ်း၊ ရေကာတာ၊ ပြောင်းရွှေ့ နေရာ ချထား မည့် ဧရိယာများ ပါဝင်သောကြောင့် ကျေးရွာပေါင်း ၂၀ မှ ၃၆ ရွာခန့် ထိခိုက်မည်ဟု အရပ်ဖက်လူမှုအဖွဲ့အစည်းများက ခန့်မှန်းထားသည်။

ကနဦးအဆင့်တွင် ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ရန် မျှော်မှန်းထားပြီး ၂၇ စတုရန်းကီလိုမီတာအထိ အကျယ်အဝန်း ရှိမည့် စက်မှုကုန်ထုတ်လုပ်မှု ရပ်ကွက်၊ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ထိုင်းနိုင်ငံအကြား နှစ်လမ်းသွားကားလမ်း၊ အလုပ် သမားများနေထိုင်ရေး၊ LNG ဓာတ်ငွေ့တင်ပို့ရေးဆိပ်ကမ်း၊ မြေပြင် တယ်လီဖုန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ၊ ဆိပ်ကမ်းငယ်နှင့် ရေလှောင်ဆည်တို့ ပါဝင်သည်ဟု ၂၀၁၅ နှစ်ဆန်းပိုင်း တတိယအကြိမ် အစည်းအဝေး ပူးတွဲ ထုတ်ပြန်ချက်၌ ပါရှိသည်။

အမေရိကန်ဒေါ်လာဘီလီယံ ၅၀ ခန့်မှန်းကုန်ကျမယ့် ထားဝယ်အထူးစီးပွားရေးဇုန် ပြန်စနိုင်ရန် မြန်မာ၊ ထိုင်း နှင့် ဂျပန်နိုင်ငံ တို့အကြား ကုန်သွယ်ရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly