အာဖဂန်နစ္စတန်တွင် မိန်းကလေးစာသင်ကျောင်းများ ပြန်ဖွင့်ပေးရန် ကျောင်းသူများက တာလီဘန်တို့ကို တောင်းဆို

အာဖဂန်နစ္စတန်တွင် မိန်းကလေးစာသင်ကျောင်းများ ပြန်ဖွင့်ပေးရန် ကျောင်းသူများက တာလီဘန်တို့ကို တောင်းဆို

အာဖဂန်နစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဖာရာဟ်ပြည်နယ်မှ မိန်းကလေးငယ်များသည် ပြည်နယ်တွင် ၎င်းတို့အတွက် စာသင်ကျောင်းများ ပိတ်ထားခြင်းအပေါ် စိုးရိမ်ပူပန်လျက် ရှိကြောင်း ပြောကြားပြီး မိန်းကလေးများအတွက် ၆ တန်းနှင့်အထက် ကျောင်းများ ပြန်ဖွင့်ပေးရန် တာလီဘန်တို့ကို တောင်းဆိုလိုက်သည်။

ဘာသာရေးသင်ခန်းစာများအပြင် ယခုခေတ်ကျောင်းပညာကိုလည်း သင်ယူရန် လိုအပ်ကြောင်း အာဖဂန် မိန်းကလေးများက ပြောကြသည်ဟု Tolo News က ဖော်ပြသည်။

“ဘာသာရေးပညာအပြင် မိန်းကလေးစာသင်ကျောင်းတွေ ပြန်ဖွင့်ပေးဖို့ မိမိတို့အနေနဲ့ အစိုးရကို တောင်းဆို ပါတယ်။ ဒါမှလည်း မိမိတို့ဟာ ပညာသင်ယူမှုတွေကို ဆက်လုပ်နိုင်မှာဖြစ်တယ်” ဟု ဖာတီမာအမည်ရ ကျောင်းသူတစ်ဦးက ပြောသည်။

“ဘာသာရေး သင်ခန်းစာတွေ လေ့လာသင်ယူတာအပြင် ကျောင်းတွေလည်း ပြန်ဖွင့်ဖို့ မျှော်လင့်နေမိတယ်။ ဘာလို့လဲ ဆိုတော့ ကျွန်မတို့ အသိုက်အဝန်းမှာက အမျိုးသမီးဆရာဝန်တွေ လိုအပ်ပါတယ်။ အနာဂတ်မှာ ကျွန်မ ဆရာဝန်တစ်ယောက် ဖြစ်ချင်ပါတယ်” ဟု ဇာဟ်ရာ အမည်ရ ကျောင်းသူတစ်ဦးက ပြောသည်။

ဖာရာဟ်ပြည်နယ်ရှိ ကျမ်းစာသင်ကျောင်း ၁၉ ကျောင်းတွင် ကျောင်းသူမိန်းကလေး ၃၅၀၀ ခန့် တက်ရောက်သင်ယူလျက် ရှိကြောင်း ဖာရာဟ်ပြည်နယ် ပညာရေးဌာနမှ အရာရှိများက ပြောသည်ဟု Tolo News က ဖော်ပြသည်။

“ကျွန်တော်တို့ဆီမှာ အမျိုးသမီးတွေအတွက် ကျမ်းစာသင်ကျောင်း ၁၈ ကျောင်းကနေ ၁၉ ကျောင်းအထိ ရှိပါတယ်။ အဲဒီကျောင်းတွေမှာ ဆရာအရေအတွက်က ၁၂၀ ကနေ ၁၃၀ အကြား ရှိပါတယ်။ ကျောင်းသူဦးရေကတော့ ၃၅၀၀ လောက် ရှိပါတယ်” ဟု ပြည်နယ်ပညာရေးဌာနမှ အကြီးအကဲ အက်ခ်တာ မိုဟာမက် ဇာအီးမ်က ပြောသည်။

အာဖဂန် ယာယီပညာရေးဝန်ကြီးသည် ဘက်ဂ်လန်ပြည်နယ်သို့ လာရောက်စဉ် ခေတ်ပညာရေးကို သင်ကြားရန် လိုအပ်သည်ဟု အလေးပေး ပြောခဲ့ကြောင်း Tolo News က ဖော်ပြသည်။

အာဖဂန်မိန်းကလေးများအတွက် အလယ်တန်းကျောင်းများ ပြန်ဖွင့်ရန် နှောင့်နှေးကြန့်ကြာနေမှုအပေါ် ဖာရာဟ် ဒေသခံများက ဝေဖန်ခဲ့ကြကြောင်း Pakistan Observer က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required