အမေရိကန်၏ဝေဖန်မှုကို အခဲမကြေဖြစ်နေသော ဆော်ဒီအာရေဗျသို့ တရုတ်သမ္မတက သမိုင်းကဏ္ဍသစ် ဖွင့်လှစ်သည့်ခရီးစဉ် စတင်

အမေရိကန်၏ဝေဖန်မှုကို အခဲမကြေဖြစ်နေသော ဆော်ဒီအာရေဗျသို့ တရုတ်သမ္မတက သမိုင်းကဏ္ဍသစ် ဖွင့်လှစ်သည့်ခရီးစဉ် စတင်

ဆော်ဒီအာရေဗျသည် အနောက်နိုင်ငံများနှင့် နှစ်ရှည်လများမိတ်ဖက်ပြုလာရာမှ ကမ္ဘာ့မဟာမိတ်များနှင့် ဆက်ဆံရေး တိုးချဲ့လာစဉ်မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ဒီဇင်ဘာ ၇ ရက်က ဆော်ဒီအာရေဗျသို့ ရောက်ရှိလာခဲ့ပြီး အာရပ်နိုင်ငံများတွင်အကြီးမားဆုံး သံတမန်ဆက်ဆံရေးဆောင်ရွက်မှုအဖြစ် ပြောကြား လိုက်သည်။

ဆော်ဒီအာရေဗျ၏ လူ့အခွင့်အရေးမှတ်တမ်းနှင့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီ ဆော်ဒီက ရေနံတင်ပို့မှုလျှော့ချခြင်းအပေါ် အမေရိကန်က ဝေဖန်သဖြင့် ဆော်ဒီနှင့် အမေရိကန်ဆက်ဆံရေး တင်းမာ လာချိန်တွင် ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ တရုတ်နှင့် ပင်လယ်ကွေ့ရေနံထွက်ရှိရာ ဆော်ဒီအာရေဗျတို့ တွေ့ဆုံမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ရှီ၏ခရီးစဉ်သည် ဩဇာလွှမ်းမိုးမည့် တရုတ်၏ ကြိုးပမ်းမှုဥပမာဖြစ်ကြောင်းနှင့် ထိုလုပ်ရပ်သည် အရှေ့ အလယ်ပိုင်းဆိုင်ရာအမေရိကန်မူဝါဒကို ပြောင်းလဲစေမည်မဟုတ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်သည်။

"ကမ္ဘာတစ်ဝန်းမှာ တရုတ်နိုင်ငံက ဩဇာအာဏာကြီးထွားလာဖို့ ကြိုးစားနေတာကို ကျွန်တော်တို့ သတိထားမိပါတယ်" ဟု အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းထောက်များအား ပြောကြားခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးသည် စီးပွားကဏ္ဍမျိုးစုံ၏တွန်းအားအောက်တွင် ကျယ်ပြန့်လာခဲ့ပြီး ဆော်ဒီအာရေဗျရှိ အရေးပါသော အခြေခံအဆောက်အအုံများတွင် တရုတ်ပါဝင်ပတ်သက်မှု ကြီးထွားလာခြင်းကို အမေရိကန်က စိုးရိမ်လျက်ရှိသည်။

တရုတ်နှင့် ဆော်ဒီကုမ္ပဏီများသည် သန့်ရှင်းသောစွမ်းအင်၊ သတင်းနည်းပညာ၊ cloud ဝန်ဆောင်မှုများ၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေးနှင့် အခြားကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုအတွက် ဒီဇင်ဘာ ၇ ရက်က သဘောတူညီချက် ၃၄ ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း ဆော်ဒီနိုင်ငံပိုင် သတင်းအေဂျင်စီ SPA က ဖော်ပြခဲ့ သည်။ သဘောတူညီချက်စာချုပ်များ၏ တန်ဖိုးကို မဖော်ပြထားသော်လည်း အစောပိုင်းတွင် နှစ်နိုင်ငံသည် ဒေါ်လာ ၃၀ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်များကို လက်မှတ်ရေထိုးဖွယ်ရှိသည်ဟု အစောပိုင်းက ပြောခဲ့သည်။

ရှီသည် ဆော်ဒီအာရေဗျနှင့် နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကျင်းပမည်ဖြစ်ပြီး ဆော်ဒီက နောက်ပိုင်းတွင် ပင်လယ်ကွေ့အာရပ်နိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကိုလည်းကောင်း အာရပ်ခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲတစ်ခုကိုလည်းကောင်းကျင်းပမည်ဖြစ်ကာ ထိုအစည်း အဝေးများက တရုတ်-အာရပ်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသမိုင်းတွင် တစ်ခေတ်ဆန်းစေသော သမိုင်းမှတ်တိုင် တစ်ခု ဖြစ်လာမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly