မြန်မာနေရှင်နယ်လိဂ် - ၂ ပွဲစဉ် (၈) တွင် အသင်းကြီးများ နိုင်ပွဲ ပျောက်ဆုံးခဲ့

မြန်မာနေရှင်နယ်လိဂ် - ၂ ပွဲစဉ် (၈) တွင် အသင်းကြီးများ နိုင်ပွဲ ပျောက်ဆုံးခဲ့
လိဂ်-၂ ပွဲစဉ် (၈) ၌ သန်လျင်ယူနိုက်တက်အသင်းနှင့် မနောမြေအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မတ် ၇၊ ရန်ကုန် ။                ။ ယခုတစ်ပတ် မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၈) တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ မောရဝတီအသင်း ရှုံးပွဲ ကြုံခဲ့သလို နေပြည်တော်နှင့် မနောမြေအသင်း တို့မှာလည်း နိုင်ပွဲပျောက်ဆုံးကာ သရေပွဲများဖြင့် ပြီးဆုံးခဲ့သည်။

မောရဝတီအသင်းသည် GFA အသင်းနှင့် အောင်ဆန်းကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဂိုးဖြင့် ကပ်ရှုံးနိမ့်ခဲ့ကာ ယခုနှစ် ဘောလုံးရာသီ လိဂ်-၂ ၌ ဒုတိယမြောက် ရှုံးပွဲကြုံတွေ့ခဲ့သည်။

မနောမြေအသင်းမှာမူ တန်းတက်သန်လျင်ယူနိုက်တက်အသင်းနှင့် စလင်းကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော်လည်း သန်လျင်ယူနိုက်တက်အသင်းအား ဦးဆောင်ဂိုးများပေးခဲ့ရပြီး တိုက်စစ်မှူး ဘစ်ဆာ၏ ပင်နယ်တီ ချေပဂိုးကြောင့်သာ ပွဲအပြီး၌ နှစ်ဂိုးစီ သရေဖြင့် ပြီးဆုံးခဲ့သည်။ နေပြည်တော်အသင်းမှာလည်း မြဝတီအသင်းနှင့် သုဝဏ္ဏကွင်း၌ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကာ တစ်ဂိုးစီသရေဖြင့်သာ ပွဲပြီးဆုံးခဲ့သည်။

အခြားပွဲစဉ်များဖြစ်သည့် မဟာယူနိုက်တက်အသင်းနှင့် ဒဂုံအသင်းတို့ပွဲတွင် တစ်ဖက် နှစ်ဂိုးစီသရေ ဖြစ်ခဲ့သလို စီးတီးစတားအသင်းနှင့် ဖုန်ကန်အသင်းတို့ပွဲတွင်လည်း တစ်ဂိုးစီသရေဖြင့်သာ ပြီးဆုံးခဲ့သည်။

ယခုနှစ် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ်-၂ ပွဲစဉ် (၈) ပွဲစဉ်များပြီးချိန်၌ မောရဝတီအသင်းက ခြောက်ပွဲနိုင် နှစ်ပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၈ မှတ် ရရှိကာ အမှတ်ပေးဇယားထိပ်ဆုံးတွင် ဆက်လက် ဦးဆောင်နိုင်ခဲ့ပြီး မနောမြေအသင်းက ရမှတ် ၁၆ မှတ် ဂိုးကွာခြားချက်အသာဖြင့် ဒုတိယ၊ နေပြည်တော်အသင်းက ရမှတ် ၁၆ မှတ်ဖြင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်-၂ ပွဲပြီးရလဒ်များ

မဟာယူနိုက်တက် ၂-၂ ဒဂုံ
စီးတီးစတား ၁-၁ ဖုန်ကန်
နေပြည်တော် ၁-၁ မြဝတီ
GFA ၁-၀ မောရဝတီ
သန်လျင်ယူနိုက်တက် ၂-၂ မနောမြေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly