အသွားအလာပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြသူများကို ကူညီသော အခမဲ့ရှေ့နေများကို တရုတ်အာဏာပိုင်များ ပစ်မှတ်ထား

အသွားအလာပိတ်ဆို့မှု ဆန့်ကျင်ဆန္ဒပြသူများကို ကူညီသော အခမဲ့ရှေ့နေများကို တရုတ်အာဏာပိုင်များ ပစ်မှတ်ထား

တရုတ်နိုင်ငံတစ်လွှားမှ လုံခြုံရေးရဲတပ်ဖွဲ့များသည် အသွားအလာပိတ်ဆို့မှုဆန့်ကျင်ဆန္ဒပြပွဲများအတွင်း ဖမ်းဆီးခံရသူများအား စေတနာဖြင့် ကူညီပေးသောရှေ့နေများကို စုံစမ်းလျက်ရှိကာ တချို့ရှေ့နေများမှာ အာဏာပိုင်များ၏ နိုင်ငံရေးအရဖိအားပေးမှုကြောင့် နောက်ဆုတ်ခဲ့ကြရသည်ဟု RFA က ဖော်ပြသည်။

ရှေ့နေ ဝမ်ရှန်းရှန်းသည် ရှင်ကျန်းမြို့တော် အူရမ်ကီတွင် နိုဝင်ဘာ ၂၄ ရက်က မီးလောင်မှုအတွင်း သေဆုံးသူများအောက်မေ့ခြင်းနှင့် တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆန္ဒပြမှုအတွက် ထိန်းသိမ်း ခံထားရသူများကို ကူညီပေးမည့် ရှေ့နေဒါဇင်များစွာကို စာရင်းပြုထုတ်ပြန်ခဲ့ပြီး ထိန်းသိမ်းခံထားရသူများကို စတင်ကူညီပြီးနောက် လုံခြုံရေးရဲများက သူမကို စတင်စုံစမ်းခဲ့သည်ဟု ဆိုသည်။

ဝမ်သည် ကွမ်ကျိုးမြို့အခြေစိုက် ဥပဒေဝန်ဆောင်မှုကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်သူဖြစ်ပြီး မြို့တော် တရားရေးဗျူရိုမှတာဝန်ရှိသူများက သူမ၏ကုမ္ပဏီသို့ရောက်လာကာ သူမလုပ်ဆောင်ခဲ့သော အမှုတွဲဟောင်း များနှင့်ဆက်စပ်သော ဖိုင်များအားလုံးကို သိမ်းယူသွားခဲ့သည်။

“ကျွန်မက အခမဲ့ ဥပဒေအကြံပြုချက်တွေ ပေးခဲ့လို့ သူတို့က ဒီလိုလုပ်တာပါ။ ကျွန်မရဲ့ ဥပဒေကုမ္ပဏီကနေ တစ်ဆင့် ကျွန်မကို ဖိအားပေးရလောက်အောင် ဒါက ဆိုးရွားတဲ့ကိစ္စလို့ သူတို့က ဘာလို့ ယူဆကြတာလဲဆိုတာ ကျွန်မ မသိပါဘူး။ပြည်နယ်လုံခြုံရေးရဲတပ်ဖွဲ့ကလည်း ကျွန်မကို ဆက်သွယ်ခဲ့တယ်” ဟု ဝမ်က ပြောသည်။

ဆယ်စုနှစ်များစွာအတွင်း အကြီးမားဆုံးစိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသော အာဏာရတရုတ်ကွန်မြူနစ်ပါတီက စာရွက်လွတ်ကိုင်ဆောင်ဆန္ဒပြမှုများသည် တရုတ်နိုင်ငံသို့ စိမ့်ဝင်လာသော ပြည်ပအင်အားစုများ၏ လုပ်ရပ်ဖြစ် ကြောင်း ပြောဆိုနေသဖြင့် ဆန္ဒပြသူများနှင့် လူမှုမီဒီယာအသုံးပြုသူများ၏ လှောင်ပြောင်မှုကို ခံခဲ့ရသည်။

အာဏာပိုင်များက တည်ငြိမ်မှုပျက်ပြားစေသူများအဖြစ် ယူဆသော လူ့အခွင့်အရေးအတွက် ထုတ်ဖော် ပြောဆိုသူများ သို့မဟုတ် နိုင်ငံရေးအတိုက်အခံများနှင့် တခြားလူနည်းစုများကို ကူညီသော ရှေ့နေအများအပြား ကြုံတွေ့ရသကဲ့သို့ ရှေ့နေလိုင်စင်ဆုံးရှုံးမည်ကို စိုးသဖြင့် တချို့ ရှေ့နေများသည် စေတနာ့ဝန်ထမ်းရှေ့နေကွန်ရက်တွင် မပါဝင်ကြကြောင်း ဝမ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required