ဒူးကောက်ကြောဒဏ်ရာကြောင့် ပီအက်စ်ဂျီနှင့်ပွဲကို တယ်ရီလွဲမည်

ဒူးကောက်ကြောဒဏ်ရာကြောင့် ပီအက်စ်ဂျီနှင့်ပွဲကို တယ်ရီလွဲမည်

မတ် ၇၊ လန်ဒန် ။            ။ ချယ်လ်ဆီးအသင်းခေါင်းဆောင်တယ်ရီသည် ဗုဒ္ဓဟူးညတွင် ပီအက်စ်ဂျီနှင့်ကစားရမည့် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲကို ဒူးကောက်ကြော ဒဏ်ရာကြောင့်လွဲမည်ဖြစ်သည်။

ပထမအကျော့တွင် ပီအက်စ်ဂျီအသင်းက ၂-၁ ဖြင့်အနိုင်ရထားပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် ပြန်လည်လက်ခံကစားရမည့် ဒုတိယအကျော့ပွဲ၌ အသင်းခေါင်းဆောင်တယ်ရီ ပါဝင်ကစားနိုင်ခြင်းမရှိမည်ကို နည်းပြဟစ်ဒင့်က စိုးရိမ်ခဲ့သည်။

ချယ်လ်ဆီးအသင်းခေါင်းဆောင်မှာ ဒူးကောက်ကြောဒဏ်ရာကြောင့် ပရီးမီးယားလိဂ်နောက်ဆုံးသုံးပွဲကိုလွဲခဲ့ရပြီး ပီအက်စ်ဂျီနှင့် ပထမ အကျော့တွင်လည်း ပါဝင်ကစားနိုင်ခြင်းမရှိခဲ့ပေ။
"ဗုဒ္ဓဟူးနေ့မှာ တယ်ရီကစားနိုင်မယ်မထင်ပါဘူး။ ပွဲထွက်စာရင်းမှာပါဝင်ဖို့ လုံလောက်တဲ့ကြံ့ခိုင်မှုမရှိလို့ပါ။ ဒဏ်ရာကအဆိုးကြီးတော့ မဟုတ်ဘူး။ စနေနေ့မှာ ပြေးနိုင်၊ လေ့ကျင့်နိုင်ပေမယ့် အရှိန်နဲ့မကစားနိုင်သေးဘူး။ ဂရုစိုက်ရမယ်။

အင်္ဂါနေ့လောက်မှာသူပြန်ကောင်းလာရင် လေ့ကျင့်ရေးပွဲမှာကစားနိုင်မှာဖြစ်ပေမယ့် ပွဲကြီးတော့မကစားနိုင်လောက်ဘူး။ လာမယ့်တစ်ပတ်မှာ ကစားနိုင်ဖို့ မျှော်လင့်ပါတယ်"ဟု ဟစ်ဒင့်က ဆိုသည်။
အိမ်ကွင်းပရိသတ်များအနေဖြင့်လည်း ချန်ပီယံလိဂ်ပွဲတွင် အသင်းနောက်တစ်ဆင့်သို့တက်နိုင်ရေးအတွက် စတုခ်စီးတီးနှင့်တစ်ဂိုးစီသရေကျ သည့်ပွဲမှ အားပေးသည့်ပုံစံထက် ပိုမိုအားပေးကြရန် ဟစ်ဒင့်က တောင်းဆိုသွားခဲ့သည်။

Ref; goal.com

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly