တိဗက်အဝေးရောက် အစိုးရက တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒဒဏ်ကို ခံနေရသည့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ထုတ်ဆန္ဒထုတ်ဖော်

တိဗက်အဝေးရောက် အစိုးရက တရုတ်၏ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒဒဏ်ကို ခံနေရသည့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ထုတ်ဆန္ဒထုတ်ဖော်

တိဗက်အဝေးရောက် အစိုးရအဖွဲ့ တရားဝင်ပြောခွင့်ရပုဂ္ဂိုလ် တန်ဇင်လက်ခ်ရှေးက ဗဟိုတိဗက် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် ကြေညာချက်တစ်ရပ်ထုတ်ပြန်ကာ ကိုဗစ်လုံးဝကင်းစင်ရေး မူဝါဒကြောင့် တရုတ်နိုင်ငံတွင် အခက်အခဲများစွာ ကြုံတွေ့နေရသည့် ပြည်သူများနှင့် တစ်သားတည်းရှိကြောင်း ပြသလိုက်သည်ဟု ပြောကြားသည်။

ဆန္ဒပြရာတွင် ပါဝင်သူများအား လူသားဆန်ဆန် ဆက်ဆံရန်လည်း တိဗက်အဝေးရောက်အစိုးရအဖွဲ့က တရုတ်အစိုးရကို တောင်းဆိုလိုက်ကြောင်း လက်ခ်ရှေးက ANI သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

“တရုတ်အစိုးရအနေဖြင့် နိုင်ငံတကာ စံနှုန်းများနှင့်အတူ လူသားဆန်ဆန် ဆက်ဆံသင့်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကို လက်စားချေတာမျိုး မလုပ်သင့်ပါဘူး” ဟု ဒီဇင်ဘာ ၂ ရက်က ပြုုလုပ်ခဲ့သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“တရုတ်ပြည်သူ အများအပြား ဆန္ဒပြတာကို မကြာသေးမီက တွေ့ခဲ့ရပါတယ်။ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီကိုလည်း တောင်းဆိုခဲ့ကြတယ်။ ပြည်သူတွေအနေနဲ့ သူတို့လိုချင်တာကို သူတို့ တောင်းနိုင်ခွင့်ရှိပေမယ့် လက်စားချေမှုတစ်စုံတစ်ရာ ပြန်လည်ကြုံတွေ့မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်သူတွေရဲ့ မျှော်လင့်ချက် အတွက် သူတို့နဲ့အတူ ရပ်တည်ပါတယ်။ တရုတ်ပြည်သူတွေ ကပ်ရောဂါနဲ့ ဆက်စပ်တဲ့ ဒုက္ခတွေကနေ ကင်းဝေးဖို့ ဆုတောင်းပေးပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ် တန်ဇင်လက်ခ်ရှေးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ယုရွန်ကျီ မြို့ရှိ လူနေအဆောက်အအုံ တစ်လုံး မီးလောင်ကျွမ်းခဲ့မှုအပေါ် နိုဝင်ဘာလအတွင်းက ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

တိဗက်အဝေးရောက်အစိုးရက ယခုကဲ့သို့ ပြည်သူများနှင့်အတူရပ်တည်ကြောင်း ကြေညာချက်သည် တရုတ်အစိုးရအပေါ် သက်ရောက်နိုင်ခြင်း ရှိ၊မရှိ မေးမြန်းရာ၌ တရုတ်အစိုးရက လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ အရေးမကြီးကြောင်း၊ မိမိတို့က ဖိအားပေးစရာရှိသည်ကို ပေးသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည်လည်း ကမ္ဘာ့အသိုင်းအဝန်းတစ်ခုဖြစ်သောကြောင့် ပြည်သူများကလည်း ပိုမိုကောင်းမွန်သည် ဘဝတစ်ခုကို မျှော်လင့်နေကြောင်း ပြန်လည်ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly