TikTok က နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမေရိကန် အက်ဖ်ဘီအိုင် အကြီးအကဲ သတိပေး

TikTok က နိုင်ငံတော်လုံခြုံရေးအတွက် စိုးရိမ်ရကြောင်း အမေရိကန် အက်ဖ်ဘီအိုင် အကြီးအကဲ သတိပေး

အမေရိကန်ဖယ်ဒရယ်ထောက်လှမ်းရေးအဖွဲ့ (FBI) ဒါရိုက်တာ ခရစ္စတိုဖာရေးက TikTok နှင့်ပတ်သက်၍ နိုင်ငံတော်လုံခြုံရေးဆိုင်ရာ စိုးရိမ်စရာများကို ဒီဇင်ဘာ ၂ ရက်က ပြောကြားကာ ဗီဒီယိုမျှဝေရာတွင် လူကြိုက်များသည့် အဆိုပါအက်ပလီကေးရှင်းသည် အမေရိကန်၏ စံတန်ဖိုးများကို တန်ဖိုးမထားသော တရုတ်အစိုးရ လက်ထဲတွင်ရှိသည်ဟု သတိပေးလိုက်သည်။

တရုတ်သည် အက်ပလီကေးရှင်း၏စနစ်အား ထိန်းချုပ်ကာ လုပ်အပ်သလို အသုံးပြုမည်ကို FBI က စိုးရိမ်နေကြောင်း ရေးက ပြောသည်။

တရုတ်သည် အက်ပလီကေးရှင်းအသုံးပြုသူများ၏အချက်အလက်များကို စုဆောင်းရန် TikTok ကို အသုံးပြုနိုင်ပြီး လုပ်ရိုးလုပ်စဉ် သူလျှိုလုပ်ငန်းများအတွက် အသုံးချနိုင်သည်ဟု ဆိုသည်။

“ဒီအချက်အလက်တွေအားလုံးဟာ ကျွန်တော်တို့နိုင်ငံရဲ့ စံနှုန်းတွေ မတူညီတဲ့ အစိုးရရဲ့လက်ထဲမှာပါ။ အမေရိကန်ရဲ့ အကောင်းဆုံးသော အကျိုးစီးပွားတွေနဲ့ အနှောက်အယှက်ဖြစ်စေနိုင်လို့ ကျွန်တော်တို့အတွက် စိုးရိမ်စရာဖြစ်စေတယ်” ဟု ခရစ္စတိုဖာရေးက မီချီဂန်တက္ကသိုလ်ရှိ Gerald R. Ford School of Public Policy ကျောင်းတွင် ပြောကြားခဲ့သည်။

TikTok အပေါ် တရုတ်၏ဩဇာလွှမ်းမိုးမှုကို စိုးရိမ်သဖြင့် ထရမ့်အစိုးရသည် ၂၀၂၀ ခုနှစ်က အမေရိကန်အတွင်းရှိ အဆိုပါအက်ပလီကေးရှင်းများကို တားမြစ်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး TikTok ကို အမေရိကန်ကုမ္ပဏီသို့ရောင်းရန် ByteDance ကုမ္ပဏီအား ဖိအားပေးခဲ့သည်။

အမေရိကန်အစိုးရအရာရှိများနှင့် ByteDance ကုမ္ပဏီသည် ယခုအခါ အမေရိကန်လုံခြုံရေးစိုးရိမ်မှုများကို ဖြေရှင်းပေးမည့် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်အတွက် ဆွေးနွေးနေပြီး အမေရိကန်အစိုးရ အေဂျင်စီများအကြား လုပ်ဆောင်နေဆဲဖြစ်သည့် လုပ်ငန်းစဉ်တစ်ခုဟု ခရစ္စတိုဖာရေးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly