ရှမ်းပြည်နယ်မြောက်ပုုိင်းတွင် တအာင်းတပ်နှင့် အစုုိးရ စစ်တပ်တုုိ့ တုုိက်ပွဲ ပြင်းထန်

ရှမ်းပြည်နယ်မြောက်ပုုိင်းတွင် တအာင်းတပ်နှင့် အစုုိးရ စစ်တပ်တုုိ့ တုုိက်ပွဲ ပြင်းထန်

 ချင်းမိုင်၊မတ် ၆။            ။ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရ စစ်တပ်နှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်တို့အကြား မတ် ၆ ရက်နေ့က လေးနေရာတွင် တိုက်ပွဲ ပြင်းပြင်းထန်ထန်   ဖြစ်ပွားနေသည်ဟု သိရသည်။

နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာနှင့် ဆမ်ငမ်ကျေးရွာကြားတွင်လည်းကောင်း၊ မန်တုံမြို့နယ် ပန်ခါးကျေးရွာနှင့် ဆိုင်းလိန်းကျေးရွာကြားတွင်လည်ကောင်း၊ကွတ်ခိုင်မြို့နယ် ဂျရမ်းကျေးရွာ အထက်တွင်လည်းကောင်း  မတ် ၆ ရက် နံနက် ၈ နာရီခွဲမှစတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ပြီးကွတ်ခိုင်မြို့နယ် မိုင်းယုလေးကျေးရွာ မိုင်းယုလေးရွာအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲသည် ယနေ့ မွန်လွဲပိုင်း ၂ နာရီမှာ ယခု ၅ နာရီခွဲချိန်ထိ အစိုးရ စစ်တပ်နှင့် ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု TNLA မှ ပြောရေးဆိုခွင့်ရှိသူ မိုင်အိုက်ကျော်က ပြောသည်။

“ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်ပြီဆိုရင်တော့ အစိုးရဘက်က လက်နက်ကြီးနဲ့ အမြဲတမ်းပစ်တယ်။ ကျဆုံးမှုက ခုထိ ကျနော်တို့ဘက် မရှိသေးဘူး။ ကျန်တဲ့နေရာမှာက နာရီဝင် တစ်နာရီလောက်ဘဲကြာတယ်။ ခုနောက်ဆုံးဖြစ်တာက မိုင်းယုလေးမှာ ဖြစ်တဲ့ တိုက်ပွဲက ခုထိ မပြီးသေးဘူး”ဟု သူက မဇ္ဈိမကို ပြောသည်။

TNLA ဘက်မှ ယခုထိ ထိခိုက်ကျဆုံးမှု မရှိသော်လည်း ယနေ့ နံနက်ပိုင်း နမ့်ဆန်မြို့နယ် ဟူးမန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် အစိုးရ စစ်တပ်ဘက်မှ ၈ ဦး ကျဆုံးမှု ရှိခဲ့သည်ဟု သိရကြောင်း သူက ပြောသည်။

ရှမ်းပြည်နယ်ကျောက်မဲ၊ ကွပ်ခိုင်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ စသည့် တအာင်းတပ်ဖွဲ့များ လှုပ်ရှားနေသော ဒေသများသို့ ယခုရက်ပိုင်းအတွင်း အစိုးရစစ်တပ်ဘက်မှ တိုးမြင့်လာသူ အင်အား ၄၀၀၀ ကျော် ထပ်မံ တိုးမြင့်မှုများ ရှိလာသဖြင့် တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားလာဖြစ်သည်။

မတ်လ ၅ ရက်ကလည်း နမ့်ဆန်မြို့နယ် ကုန်းသာရွာအနီးတွင် တစ်ကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ အစိုးရ စစ်တပ်နှင့် TNLA တပ်တို့အကြား မတ်လအတွင်း နေ့စဉ် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ ယနေ့ထိ တိုက်ပွဲအကြိမ်ပေါင်း ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့သည်ဟု မိုင်းအိုက်ကျော်က ပြောသည်။

တအာင်းဒေသအတွင်း မူလက အစိုးရ၏ တပ်မတော် တပ်မ ၁၁၊ ၃၃၊ ၆၆၊ ၇၇၊ ၈၈၊ ၉၉ တပ်ဖွဲ့များ လှုပ်ရှားနေရာမှ ယခု ရက်ပိုင်းတွင် တပ်မ ၅၅၊ ၁၀၁နှင့် စကခ ၂၊ ၇၊ ၁၀ စသည့် တပ်မများမှ စစ်အင်အား ၄၀၀၀ ထက်မနည်း တိုးချဲ့မှုများရှိလာသည်ဟု TNLA မှ မတ်လ ၁ ရက်က ကြေငြာချက်ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောကမဲ၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ နမ့်ခမ်း၊ ကွပ်ခိုင်စသည့် တအာင်းဒေသများအတွင်း မြန်မာတပ်မတော်မှ စစ်အင်အားတိုးချဲ့ကာ ထိုးစစ်အရှိန် ပိုမိုမြင့်တင်ခြင်းသည် မြန်မာပြည် ငြိမ်းချမ်းရေးကို ဟန့်တားပျက်ဆီးစေသည့် လုပ်ရပ်ဖြစ်သည်ဟု သဘောထားထုတ်ပြန်ထားသည်။

အစိုးရဘက်မှ စစ်အင်အားတိုးမြင့်ကာ တိုက်ပွဲများ ဖြစ်ပွားနေခြင်းသည် အစိုးရဘက်မှ ငြိမ်းချမ်းရေးကို တွေ့ဆုံဆွေးနွေးရေး နည်းလမ်းဖြင့် ဖြေရှင်းလိုသည့် ဆန္ဒ လျော့နည်းနေသည်ဟု သံသယ ရှိလာသည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဒုဥက္ကဌ နိုင်ဟံသာက မဇ္ဈိမကို မကြာမီက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly